“520”ချစ်သူများနေ့တွင် ကူမင်းတုန်နန်ပန်းဈေး၏ လတ်ဆတ်ပန်းများ ရောင်းအားပမာဏနှင့် ဈေးနှုန်း နှစ်ခုစလုံး မြင့်လာ

2021-05-21 17:53:55 |သတင်းအရင်းအမြစ် 新华网

တရုတ်ဘာသာစကားတွင် “520” နှင့် “521”၏ အသံထွက်သည် “ဝေါ်အိုက်နီ (မင်းကိုချစ်တယ်)” နှင့် နီးစပ်ပြီး အဆိုပါရက်နှစ်ရက်သည် အွန်လိုင်းခေတ်ကာလ၏ ချစ်သူများနေ့ ဖြစ်လာခဲ့ပါသည်။ “520” ချစ်သူများနေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ချင်ကုန်ရပ်ကွက်ရှိ တုန်နန်ပန်းစျေးသည် အလွန်စည်ကားလျက်ရှိပြီး ဈေးထဲသို့စဝင်ကတည်းက ပန်းရနံ့များ သင်းပျံ့နေပါသည်။ နှင်းဆီပန်း၊ နေကြာပန်းစသည့်ပန်းများသည် အလှချင်းပြိုင်ဆိုင် လှပနေပါသည်။ ချစ်သူများနေ့သည် မိခင်နေ့ပြီး နောက် ပန်းများအရောင်းရဆုံးသောကာလ ဖြစ်ပါသည်။


ပန်းစျေးအတွင်းလျှောက်ရာတွင် ပန်းစိုက်တောင်သူများနှင့် ပန်းဈေးဝယ်မြို့သူမြို့သားများအကြား စျေးဆိုစျေးဆစ်သံများကို နိမ့်ချည်မြင့်ချည် ကြားနေရပါသည်။ အနီရောင်နှင်းဆီပန်းသည် ချစ်သူများနေ့ ကို ထင်ဟပ်စေသောကြောင့် ဝယ်ယူမှုအများဆုံးပန်းဖြစ်ပြီး နေကြာပန်းနှင့် အခြားသောပန်းများကိုလည်း လူကြိုက်များပါသည်။ “ဒီနှစ်မှာ 520 နေ့ မရောက်ခင် ၁ ပတ်ဝန်းကျင်ထဲက ပန်းစျေးနှုန်းနဲ့ ရောင်းချရတဲ့ ပမာဏ နှစ်ခုလုံး တိုးတက်ခဲ့ပါတယ်။ အထူးသဖြင့် နှင်းဆီပန်းရဲ့စျေးနှုန်းက ၂၀% တိုးတက်လာပြီး ပန်းတစ်ပွင့်ကို တရုတ်ငွေ ၁.၃ ယွမ်နဲ့ ရောင်းချခဲ့တယ်။ သီးသန့်အထူးစိုက်ပျိုးတဲ့ နှင်းဆီပန်းဆိုရင် စျေးနှုန်း နှစ်ဆထိ မြင့်တက်ခဲ့ပါတယ်။”

အလှဆင်ထားသည့်ပန်းစည်းသည် ပိုမိုရောင်းကောင်းပြီး တစ်နေ့လျှင် ပန်းစည်း ၅၀ မှ ၁၀၀ ထိရောင်းကုန်ကာ ပန်းတစ်စည်း၏ စျေးနှုန်းသည် တရုတ်ငွေ ယွမ် ၁၂၀ မှ ၂၀၀ အထိ ရှိကြောင်း ကျွန်မတို့၏ သတင်းထောက်က ဈေးကွက်အတွင်းလေ့လာခြင်းမှ သိရှိခဲ့ရပါသည်။

ထို့ပြင် အွန်လိုင်းရှော့ပင်းနှင့် အီးကော်မာ့စ်ပလက်ဖောင်း၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် အခြားသော ပြည်နယ်နှင့် ဒေသများ၏ ပန်းမန်ကုန်သည်များနှင့် ချိတ်ဆက်ပြီး ယူနန်ပန်းမန်များကို ယူနန်ပြင်ပသို့ ရောက်ရှိစေ ပါသည်။ ချစ်သူများနေ့မရောက်ခင် အခြားပြည်နယ်သို့ ရောက်ရှိသော ပန်းပမာဏသည် လွန်ခဲ့သောနှစ် ကထက် ပိုများလာပြီး ပေကျင်း၊ ရှန်ဟိုင်း၊ ကျက်ကျန်း စသည့်မြို့ကြီးပြကြီးသို့ ပို့ဆောင်ခဲ့ပါသည်။ “အရောင်းအဝယ်ဈေးမတက်တဲ့ကာလမှာ ကျွန်တော်က နေ့စဥ် နှင်းဆီပန်း အစည်း ၅၀၀ ကနေ ၆၀၀ ထိ လက်ကားဝယ်ခဲ့တယ်။ အခုတလောမှာ တစ်နေ့ အစည်း ၁၂၀၀ ဝန်းကျင် လက်ကားဝယ်နေတယ်”ဟု နှင်းဆီပန်း လက်ကားရောင်းဝယ်ရေးကုန်သည် မစ္စတာ ကျောက်မှ ဆိုသည်။

(图片:云南日报)