“ဟား ဟား ဟား၊ Phayre’s langur မျောက် ရိုက်ကူးနိုင်တာ သိပ်မရှိသေးဘူး။ ကျွန်တော် ရိုက်ကူးနိုင်ခဲ့တာ အများဆုံးပဲ။”ယခုနှစ်တွင် အသက် ၅၀ နှစ်ပြည့်သည့် ကျိန်စန်ဟော်သည် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ တိုင်းရင်းသားလူမျိုးစု အလယ်တန်းကျောင်း၏ တရုတ်ဘာသာဆရာတစ်ဦးဖြစ်ပြီး သဘာ၀ပတ်ဝန်းကျင်ဂေဟရိုက်ကူးရေး ဓာတ်ပုံဆရာလည်း ဖြစ်ပါသည်။ သူသည်တရုတ်နိုင်ငံ၏ အကြီးဆုံး Phayre’s langur မျောက်အုပ်စုကို ရှာဖွေတွေ့ရှိသူလည်း ဖြစ်ပါသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ကျိန်စန်ဟော်သည် အကွေ့အကောက်များသော လမ်းမကြီးပေါ်တွင် ၁၀ ကီလိုမီတာကျော်မောင်းနှင်ပြီးနောက် မန်စီရှယ်ကန်ကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာကို ရောက်ရှိခဲ့သည်။ ရွာသူရွာသားထံမှ ၎င်းရွာ၏ ဘေးနားတွင် မတူညီသော မျောက်အုပ်စုတစ်စုရှိကြောင်း သူက ပထမဆုံးအကြိမ် ကြားသိခဲ့ရပါသည်။ ယင်းမျောက်များ၏ ဆံပင်မှာ မီးခိုးရောင်ဖြစ်သည်။ အချို့သော မျောက်များသည် ရွှေရောင်မျောက်ကလေးများကို ချီပိုးထားပါသည်။ အိမ်ပြန်ရောက်သောအခါ ကျိန်စန်ဟော်သည် သတင်းအချက်အလက်များကို ရှာဖွေလေ့လာကာ အချို့သော ကျွမ်းကျင်ပညာရှင်များအား စုံစမ်းမေးမြန်းခဲ့ပါသည်။ Langur မျောက်တစ်မျိုး ဖြစ်သည်ဟု ကနဦး မှန်းဆခဲ့ပါသည်။
နောက်သုံးလတွင် ကျိန်စန်ဟော်သည် မန်စီမြို့၏ ပတ်ဝန်းကျင်ရှိ တောတောင်အနှံ့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၏ စနေနေ့တစ်နေ့တွင် ကျိန်စန်ဟော်က သဘာ၀ရိုက်ကူးရေး ခရီးစဥ်တွင် မမေ့နိုင်သောနေ့တစ်နေ့ ဖြစ်လာပါသည်။ အကြိမ်ပေါင်း ဆယ်ခေါက်ကျော်ကျော် တောတောင်ဒေသကို ရိုက်ကူးပြီးနောက် ကျိန်စန်ဟော်သည် မန်စီရှယ်ကန်ကျေးရွာအုပ်စုတွင် ရွာသူရွာသားများ ပြောဆိုခဲ့သည့် မီးခိုးရောင်မျောက်များကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါသည်။ သူက စိတ်အားထက်သန်စွာ ယင်းမျောက်များအား ရိုက်ကူးခဲ့ပါသည်။
တောတောင်ဒေသတွင် မျောက်များရှာဖွေတွေ့ရှိသည့် သတင်းကို ပျံ့နှံ့ပြီးနောက် ဒေသအစိုးရသည် စုံစမ်းလေ့လာမှုလုပ်ငန်းကို စီစဥ်ဖွဲ့စည်းခဲ့ပါသည်။ နှစ်ဝက်ခန့်ကြာပြီးနောက် တရုတ်နိုင်ငံသိပ္ပံနှင့်နည်းပညာအကယ်ဒမီသုတေသီများသည် တောရိုင်းဒေသလေ့လာကာ သုတေသနပြုပြီးနောက် အဆိုပါမျောက်အုပ်စုသည် ကမ္ဘာ့မျိုးသုဉ်းရန် အန္တရာယ်ရှိသည့်မျိုးစိတ်များနှင့် တရုတ်နိုင်ငံအမျိုးသားပထမအဆင့် အလေးထားကာကွယ်ရေးတိရစ္ဆာန်ဖြစ်သော Phayre’s langur မျောက်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၌ ရှာဖွေတွေ့ရှိသည့် ဒေသတစ်ခုတည်းတွင် အတိုင်းအတာအကြီးမားဆုံးသော Phayre’s langur မျောက်အုပ်စုလည်းဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။ စာရင်းဇယားဖြင့် လက်တွေ့ကျကျစုဆောင်းပြီး ရိုက်ကူးသော ဓာတ်ပုံနှင့် ဗီဒီယိုများမှတစ်ဆင့် ယင်းမျောက်အုပ်စုမှာ ကောင်ရေ ၃၂၀ ကောင်ရှိကြောင်း ခန့်မှန်းသိရပါသည်။
ယင်းရှားပါးသော တိရစ္ဆာန်မျိုးစိတ်ကို ကာကွယ်ထိန်းသိမ်းရန်အတွက် တယ်ဟုန်ပြည်နယ်ခွဲသည် ကျွမ်းကျင်ကင်းလှည့်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ဒေသတွင်း ရပ်ကွက်တွင် ကာကွယ်ရေး အသိပေးခြင်းကို မြှင့်တင်ခဲ့ပါသည်။ ကျိန်စန်ဟော်သည် ဒေသပတ်ဝန်းကျင်ဌာနနှင့်အတူ လူမှုအဖွဲ့အစည်းများအား ကြိုးပမ်းတိုက်တွန်းကာ ထိန်းသိမ်းကာကွယ်ရေးလှုပ်ရှားမှုများ ပါ၀င်ဖော်ဆောင်လာကြပါသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ANT FOREST သည် ယူနန်ပြည်နယ် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်းနှင့်အတူ မန်ရှင်ဟော်ပရဟိတ ကာကွယ်ရေးနယ်မြေကို တည်ဆောက်ခဲ့ပါသည်။ တရုတ်နိုင်ငံအင်တာနက်အသုံးပြုသူ ၁၆ သန်းတို့သည် မိုင်ထောင်ချီနှင့် ဝေးလံသော နေရာတွင် Phayre’s langur မျောက်ကာကွယ်ထိန်းသိမ်းရန်အတွက် အတူကြိုးပမ်းဖော်ဆောင်ကြပါသည်။
ANT FOREST မန်ရှင်ဟော်ပရဟိတကာကွယ်ရေးနယ်မြေတွင် လွန်ခဲ့သောနှစ်က ရွှေမျောက်ကလေး အကောင် ၂၀ မွေးဖွားခဲ့ကာ ကျန်းမာစွာ ရှင်သန်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ရွှေမျောက်ကလေး ၁၀ ကောင်ကို မွေးဖွားခဲ့ပြီး ကိုယ်၀န်ဆောင်သည့် မျောက် အနည်းငယ်ရှိသေးကြောင်း သိရပါသည်။ ယင်းကာကွယ်ရေးနယ်မြေတွင် သက်ရှင်နေထိုင်မှုအသစ်များ ကြိုဆိုလာနိုင်မည် ဖြစ်ပါသည်။