နှစ်စဉ် ဇူလိုင်လမှ သြဂုတ်လသည် တရုတ်ကလေးများအတွက် ကျောင်းတက်ရန်မလိုသည့် နွေရာသီ ကျောင်း ပိတ်ရက် ဖြစ်သည်။ သို့သော် ရုံးတက်ရသောမိဘများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်သည် “ဒုက္ခများသော” နေ့ရက်များပင်ဖြစ်သည်။ ကလေးကို အိမ်မှာထားလျှင် စောင့်ရှောက်ရန်အချိန်မရှိ၊ ကလေးအပြင်ထွက်သွားပြီး အန္တရာယ်တစ်ခုခုနှင့်ကြုံတွေ့ရမည်ကိုလည်း စိုးရိမ်ရသည်။ ကလေးကိုနွေရာသီသင်တန်းအပ်ပြန်တော့လည်း ကြီးမားသော ကုန်ကျစရိတ်တစ်ခုရှိနေပြန်သည်။
အရွယ်မရောက်သေးသောကလေးများ၏ နွေရာသီကျောင်းပိတ်ရက် “ကြည့်ရှုစောင့်ရှောက်ခြင်း”ပြဿနာကို ဖြေရှင်းနိုင်ရန် ယခု ရက်ပိုင်းတွင် ကျန်းစူးပြည်နယ် နမ်ကျင်းမြို့ ရွှမ်ဝူရပ်ကွက်တွင် ပရဟိတနွေရာသီ ကလေး ထိန်းကျောင်း စတင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ ဆရာများ၊ စေတနာ့ဝန်ထမ်းများ စုစည်းကာ ပရဟိတအဖွဲ့ အစည်းပုံစံဖြင့် ဇူလိုင် လဆန်းမှ သြဂုတ်လကုန်အထိ အများအကျိုးပြုကလေး ထိန်းပေးသော ဝန်ဆောင်မှု ပြုလုပ်ပေးမည် ဖြစ်ပြီး ကျောင်းအိမ်စာကြည့်ပေးခြင်း၊ လက်ရေးလှလေ့ကျင့်ခြင်း၊ စာဖတ်ခြင်း၊ ဂိမ်းများ ကစားခြင်း စသည့်လှုပ်ရှားမှု များဖြင့် ကလေးများအတွက် ပျော်ရွှင်ဖွယ်နွေရာသီကျောင်းပိတ်ရက်ဖြစ်အောင် ဖန်တီးပေးသွား မည် ဖြစ်သည်။
တရုတ်နိုင်ငံ၏ အခြားသောမြို့ပြများတွင်လည်း အချို့သောအလုပ်သမားသမဂ္ဂများက ထိုသို့သော ပရဟိတ ကလေးထိန်းကျောင်း ပြုလုပ်ရန် စတင်စုစည်းနေပြီဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်အတွင်း ရုံးတက် ရသောမိဘများအတွက် ကလေးထိန်းပေးခြင်းဖြင့် မိဘများအား ပိုမိုစိတ်ချလက်ချရုံးတက်နိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။