သြဂုတ်လ ၁၀ ရက်နေ့တွင် ၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ မြန်မာနိုင်ငံ စီမံကိန်းများ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဗီဒီယို အစည်းအဝေးစနစ်ဖြင့် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့သည် အမှာစကား ပြောကြား၍ စီမံကိန်းစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ယခုအထိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည် ပြည်သူ့အကျိုးပြုစီမံကိန်း (၅၄၀)နီးပါးကို ထောက်ခံအားပေးခဲ့ပြီး လန်ချန်း-မဲခေါင် နိုင်ငံအသီးသီးမှ ပြည်သူများအတွက် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ပါသည်။ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုကို ပထမဆုံးအဆိုပြုခဲ့သည့်နိုင်ငံ၊ တက်တက်ကြွကြွပါဝင်သူနှင့် အကျိုးကျေးဇူး ခံစားရသူဖြစ်ရုံသာမက ရန်ပုံငွေမှ ထောက်ပံ့သော စီမံကိန်းအရေအတွက်နှင့် ငွေကြေးပမာဏ အများဆုံးလက်ခံရရှိသောနိုင်ငံလည်းဖြစ်ပါသည်။ ယခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ထောက်ခံအားပေးသည့် မြန်မာနိုင်ငံစီမံကိန်းများတွင် လူ့စွမ်းအား အရင်းအမြစ်၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဘဏ္ဍာရေးစသည့် နယ်ပယ်အများအပြား ပါဝင်ကြောင်း၊ အဆိုပါစီမံကိန်းများသည် နောက်တစ်ဆင့် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံမှပြည်သူ ပြည်သားများအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ပြီး လန်ချန်း-မဲခေါင်အဖွဲ့ဝင် နိုင်ငံများ အတူတကွ ငြိမ်းချမ်းသည့်၊ စည်ပင်သာယာသည့်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သည့် ဒေသတည်ဆောက်ရေး မျှော်မှန်းချက်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း သိပါသည်။