သြဂုတ်လ ၁၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန်၊ ပို့ကုန်နှင့် သွင်းကုန်အတိုင်းအတာသည် သမိုင်းကြောင်းတွင် ကာလတူအတွင်း စံချိန်တင်မြင့်လာကြောင်း သိရသည်။ တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုနှုန်းအသီးသီးမှာ (၂၄.၅)ရာခိုင်နှုန်း၊ (၂၄.၅) ရာခိုင်နှုန်းနှင့် (၂၄.၄)ရာခိုင်နှုန်းဖြစ်၍ လွန်ခဲ့သည့် (၁၀) နှစ်အတွင်း အမြင့်ဆုံး နေရာသို့ ရောက်ရှိလာသည်။
ပထမ(၇)လအတွင်း တရုတ်နိုင်ငံ၏ပို့ကုန်များတွင် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဂျပန်ကဲ့သို့သော ရိုးရာစျေးကွက်များ၌ (၂၂.၆)ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ထွန်းသစ်စစျေးကွက်များနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ဆက်လက်နက်ရှိုင်းလာခဲ့ပြီး အာဆီယံ၊ လက်တင်အမေရိကနှင့် အာဖရိကကဲ့သို့ ထွန်းသစ်စဈေးကွက်များသို့ တင်ပို့မှုသည် စုစုပေါင်း (၂၆.၅)ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
နိုင်ငံခြားကုန်သွယ်မှုဖွံ့ဖြိုးရေးအသစ်သည် အရှိန်အဟုန်ဖြင့် ဆက်လက် တိုးမြှင့်သည်ကို တန်ဖိုးရှိစွာဖော်ပြလိုပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် နယ်စပ်ဖြတ်ကျော် e-commerce တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာရာ (၄၄.၁) ရာခိုင်နှုန်းထိ မြင့်တက်လာပြီ ဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သွင်းကုန်နှင့် ပို့ကုန်များ လျင်မြန်စွာ တိုးတက်နေသော်လည်း ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ၏ စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲမှု၊ စက်မှုကွင်းဆက်များနှင့် ထောက်ပံ့ရေး ကွင်းဆက်များတွင် အန္တရာယ်များကို မြင့်တက်စေခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား နိုင်ငံရေးအရ တိုးမြှင့်ခြင်း စသောအကြောင်းရင်းများကို ရင်ဆိုင်နေရသောကြောင့် စီးပွားရေးပြန်လည်ဦးမော့လာခြင်း၌ မရေရာမှုများစွာ ရှိနေကြောင်း သိရပါသည်။