၂၀၂၁ ခုနှစ် တောင်အာရှအရှေ့တောင်အာရှ နိုင်ငံများ ကုန်စည်ပြပွဲ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးညှိနှိုင်းပွဲ(အောက်တွင် စီးပွားရေးညှိနှိုင်းပွဲကို အတိုချုံးခေါ်ဝေါ်ပါမည်) သြဂုတ်လ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ အွန်လိုင်းတွင် (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ယခုအကြိမ်စီးပွားရေးညှိနှိုင်းပွဲသည် “ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးသဘောတူညီချက်” (RCEP) လက်မှတ်ရေးထိုးခြင်းနှင့် တရုတ်-လာအိုမီးရထားလမ်း စတင်ပြေးဆွဲမည့်အခွင့်အလမ်းကို အရယူပြီး RCEP စည်းမျဉ်းစည်းကမ်းနှင့် စံနှုန်းကို တက်ကြွစွာချိတ်ဆက်မည် ဖြစ်ပါသည်။ “နယ်စပ်တစ်လျှောက်” “နယ်ခြား”ထူးခြားချက်များကို ပိုမိုသိသာစေပြီး တောင်အာရှအရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာဒေသ၏ ပူးပေါင်းဆောင်ရွက်ရေးကို အဆက်မပြတ်တွန်းတင်မည်ဖြစ်သည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စပ်လျဉ်းသောနယ်ပယ်များ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်ပါသည်။
ယူနန်စီးပွားရေးတက္ကသိုလ် စီးပွားရေးသုတေသနဌာနမှူး ကျူလီနှင့် ယူနန်ပြည်နယ် နိုင်ငံတကာကုန်သွယ်ရေးစီးပွားရေးအသင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သုတေသနစင်တာ ညွှန်ကြားရေးမှူး ကျိုးရှီးနင်တို့သည် မကြာသေးမီက သုတေသနများကို ပေါင်းစပ်ကာ RCEP ၏သတင်းအချက်အလက်များကို မျှဝေပေးခဲ့ပါသည်။
မေး။ ။ RCEP နှင့်စပ်လျဉ်း၍ ကျွန်တော်တို့ မည်သည့်နောက်ခံသတင်းအချက်အလက်များကို သိရှိထားရမည်နည်း။
ဖြေ။ ။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စေ့စပ်ညှိနှိုင်းမှုအကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး အချိန်(၈)နှစ်ကြာခဲ့သည့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေးစာချုပ် RCEP ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
အခြားလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များထက် RCEP သည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ပုံစံသစ်အဖြစ် အဖွဲ့ဝင်နိုင်ငံ(၁၅)ခု လူဦးရေသန်း(၂၃၀၀)ခန့်ကို လွှမ်းခြုံထားပြီး တစ်ကမ္ဘာလုံးလူဦးရေ၏(၃၀%)ရှိကာ စုစုပေါင်း GDP အမေရိကန်ဒေါ်လာ (၂၅)ထရီလီယံကျော် ရှိပါသည်။ RCEP အဖွဲ့ဝင်နိုင်ငံများတွင် အာဆီယံ(၁၀)နိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံ တို့ပါဝင်သည်။ အဖွဲ့ဝင်(၁၅)နိုင်ငံ၏ စုစုပေါင်းလူဦးရေ၊ စီးပွားရေးပမာဏ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ စသည်တို့သည် တစ်ကမ္ဘာလုံး စုစုပေါင်းပမာဏ ၏ (၃၀%)ခန့်ရှိပါသည်။
၂၀၂၁ ခုနှစ် ဧပြီလ(၁၅)ရက်နေ့တွင် တရုတ်နိုင်ငံသည် အတည်ပြုထားသော RCEP သဘောတူညီချက်စာကို အာဆီယံအတွင်းရေးမှူးချုပ်ထံ တရားဝင်ပေးအပ်ခဲ့ပါသည်။ ၎င်းသည် တရုတ်နိုင်ငံ၏ RCEP သဘောတူညီချက်လုပ်ငန်းစဉ် တရားဝင် ပြီးမြောက်ခြင်း ဖြစ်သည်။
မေး။ ။ RCEP သည် ဒေသအတွင်းဖွံ့ဖြိုးရေးအတွက် မည်သည့်လုပ်ဆောင်ချက်များ သယ်ဆောင်ပေးလာမည်နည်း။
ဖြေ။ ။ RCEP အကျုံးဝင်သည်နှင့်တပြိုက်နက် အဖွဲ့ဝင်နိုင်ငံများ၏ အကောက်ခွန်နှင့် အကောက်ခွန်မဲ့ အကာအကွယ်များကိုလျော့ချခြင်းဖြင့် စည်းလုံးညီညွတ်သော စျေးကွက်တစ်ခုတည်း တည်ထောင်မည်ဖြစ်သည်။ တစ်ကမ္ဘာလုံးရှိ လူဦးရေအများဆုံးနှင့် အလားအလာအရှိဆုံးသော ဒေသအတွင်း လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်ဖြစ်လာမည် ဖြစ်ပါသည်။
RCEP သည် အရှေ့အာရှစီးပွားရေးပေါင်းစည်းမှု ဖွံ့ဖြိုးတိုးတက်မှုကိုအလေးပေးပြီး ၎င်းလက်မှတ်ရေးထိုးခြင်းသည် အရှေ့အာရှဒေသတွင်းစီးပွားရေး ပေါင်းစပ်မှု၏ မိုင်တိုင်တစ်ခု ဖြစ်ပါသည်။ RCEP ဒေသတွင်းပွင့်လင်းမှုအဆင့်သည် WTO ထက်မြင့်မားသည်။ ယင်းသည် ဒေသတွင်းပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အဆင့်ကို သိသာစွာမြှင့်တင်နိုင်မည်ဖြစ်သည်။ RCEP သည် အကောက်ခွန်သက်သာခြင်းကို ခံစားနိုင်သည်သာမက ဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ကြီးမားစွာ တွန်းတင်မည်ဖြစ်ပြီး ဒေသတွင်းလုပ်ငန်း ထောက်ပံ့မှုကွင်းဆက်ကိုလည်း တည်ငြိမ်ခိုင်မာစေမည်ဖြစ်သည်။ ကမ္ဘာ့တန်ဖိုးကွင်းဆက်၏ “ဒေသတွင်း”ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အရှိန်မြှင့်တင်ပြီး စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေမည် ဖြစ်ပါသည်။
ကျွန်တော်တို့သည် အာရှတိုက်ကိုအာရုံစူးစိုက်ပြီး RCEP သည် အာရှတိုက်၏ ထုတ်လုပ်ရေးတန်ဖိုးကွင်းဆက်များနှင့် ထုတ်လုပ်ရေးကွန်ရက်များ တည်ဆောက်မှုကို ပိုမိုခိုင်မာစေမည် ဖြစ်ပါသည်။ ၎င်းသည် အာရှတိုက်ဒေသတွင်း စီးပွားရေးအတားအဆီးများကို ဖယ်ရှားနိုင်မည်ဖြစ်ပြီး အာရှတိုက်ကို တစ်စုတစ်စည်းတည်းနှင့် တည်ငြိမ်သော ထုတ်လုပ်မှုနှင့် စားသုံးမှုစျေးကွက်အဖြစ် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
ထို့အပြင် ၎င်းသည် အာရှတိုက်နှင့် တစ်ကမ္ဘာလုံးရှိ အခြားသော ဆွေးနွေးညှိနှိုင်းဆဲဖြစ်သော ဒေသတွင်းနှင့် ဘက်စုံ လွတ်လပ်သောကုန်သွယ်ရေး အစီအစဉ်များအပေါ် တက်ကြွသော အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။ RCEP တည်ဆောက်ခြင်းသည် တစ်ကမ္ဘာလုံး၏ စီးပွားပမာဏ(၃၀%)ခန့်ရှိသည့် အာရှတိုက်ဒေသသည် လွတ်လပ်သောကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၏ ဗဟို ဖြစ်လာနိုင်သည်။ အာရှတိုက်ဒေသတွင်း စီးပွားရေးပေါ်လစီ၏ တည်ငြိမ်မှု၊ ရင်းနှီးမြှုပ်နှံမှုမျှော်လင့်ချက်ကောင်းမွန်မှု၊ ထုတ်လုပ်မှုနှင့် စားသုံးသူယုံကြည်စိတ်မြှင့်တင်မှုများအား ပိုမိုတိုးပွားစေနိုင်ပါသည်။ ကမ္ဘာ့စီးပွားရေး နှေးကွေးမှုမှ ဆွဲထုတ်နိုင်ရန်အတွက် တွန်းအားမြှင့်တင်ပေးနေမည်ဖြစ်ပါသည်။