ရက်ပေါင်း(၉၀)ကျော် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီက သြဂုတ်လ ၂၇ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ်အစီရင်ခံစာ အကျဉ်းချုပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ်ကို ယုံကြည်နိုင်ဖွယ် သက်သေအထောက်အထားအသစ် မပြနိုင်ဘဲ တရုတ်နိုင်ငံကို အပုတ်ချ၊ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုကို အတားအဆီးဖြစ်အောင် လုပ်ဆောင်မှုဖြစ်ကာ အချက်အလက်မျှဝေပေးရန် ငြင်းပယ်ထားသည်။ သိပ္ပံနည်းနာနိသျှများကို ချိုးဖောက်၍ နိုင်ငံရေးကစားမှုသက်သက်သာဖြစ်သော တရုတ်နိုင်ငံသို့ မြားဦးတည်သည့် ယင်းအစီရင်ခံစာသည် အခြေအမြစ်ကင်းမဲ့၍ လုပ်ကြံဖန်တီးမှုများနှင့်ပြည့်နှက်ကာ ရယ်စရာဟာသ သက်သက်သာ ဖြစ်ခဲ့သည်။
ထောက်လှမ်းရေးအေဂျင်စီအား ဗိုင်းရပ်စ်ဇစ်မြစ် အစီရင်ခံစာတင်ခိုင်းခြင်းသည် သိပ္ပံနည်းနာနိသျှကို ဆန့်ကျင်သည့် ယုတ္တိမတန်မှုပင် ဖြစ်သည်။ ဗိုင်းရပ်စ်ဇစ်မြစ် သုတေသနလုပ်ငန်းသည် ရှုပ်ထွေးသည့် သိပ္ပံရေးရာအခက်အခဲဖြစ်ရာ သိပ္ပံကျွမ်းကျင်ပညာရှင်အဖွဲ့က သိပ္ပံနည်းကျ အလေးထားသင့်၍ တစ်လှမ်းချင်းစီ ဆောင်ရွက်မှသာ မှန်ကန်မှုကို သိရှိနိုင်မည် ဖြစ်သည်။
အမေရိကန် ထောက်လှမ်းရေးလောကတွင် ပြည်သူ့ကျန်းမာရေးနှင့် ရောဂါဗေဒကဏ္ဍအတွက် လက်တွေ့ကျသည့် သိပ္ပံသုတေသနလုပ်နိုင်စွမ်း မရှိကြောင်း အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကျောင်း(YSPH)အကြီးအကဲ Sten H.Vermund က ဆိုသည်။ “ဒီကိစ္စ (ဗိုင်းရပ်စ်ဇစ်မြစ်)နဲ့ပတ်သတ်လို့ ကျွန်တော်တို့ကို ဘာသဲလွန်စ ဒါမှမဟုတ် သတိပေးချက် ပေးနိုင်တဲ့ဌာနလည်း မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ အမေရိကန်အစိုးရက လိမ်ညာလှည့်ဖျား ခိုးယူမှုများနှင့်သာ ပြည့်နှက်နေသည့် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီကို လုပ်ဆောင် ခိုင်းသည့် ယင်းအစီရင်ခံစာကို မည်သူက ယုံကြည်နိုင်မလဲဆိုသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။
အချိန်အပိုင်းအခြားကာလတစ်ခုတွင် အမေရိကန် နိုင်ငံရေးသမားများက ဗိုင်းရပ်စ်ဇစ်မြစ်ကို နိုင်ငံရေးအသွင် အဓမ္မပြောင်းပြီး ကပ်ရောဂါတိုက်ဖျက်ရေး ညံ့ဖျင်းမှုတာဝန်ကို တရုတ်နိုင်ငံအပေါ် ပုံချရန် ကြိုးပမ်းခဲ့ကြသည်။ ထိုမတိုင်မီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က တရုတ်-ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ် ပူးတွဲသုတေသနအစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ နိုင်ငံ တကာအသိုက်အဝန်းနှင့် သိပ္ပံနယ်ပယ်မှ အများသဘောတူညီလက်ခံသည့် ရလဒ်နှင့်အကြံပြုချက်ကို ရရှိခဲ့သည်။ ထို့အပေါ် အမေရိကန်ဘက် လက်ခံရန် ငြင်းဆန်ခဲ့ပြီး ထောက်လှမ်းရေးအေဂျင်စီကို ရက်ပေါင်း(၉၀)အတွင်း ဗိုင်းရပ်စ်ဇစ်မြစ် စုံစမ်းစစ်ဆေးမှုများ ထပ်တိုးလုပ်ဆောင်ဖို့ သမ္မတဘိုင်ဒန်က အမိန့်ချခဲ့သည်။ ယင်းအချက်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်အတွက်ဆိုရလျှင် ဗိုင်းရပ်စ် ဇစ်မြစ်သုတေသန သိပ္ပံနည်းကျမကျ အရေးမကြီး၊ အဖြစ်မှန်အကြောင်းအရင်း တိကျမှုရှိမရှိ အရေးမကြီး၊ လုပ်ကြံဖန်တီး၍ လိုချင်သည့် သက်သေနှင့် လိုချင်သည့်ရလဒ်ရဖို့သည်သာ အရေးကြီး ကြောင်း ထင်ရှားနေသည်။
ကပ်ရောဂါအရေးကိစ္စတွင် အမေရိကန်က တရုတ်ကို စွပ်စွဲအပုတ်ချခြင်းသည် အလွန်နိမ့်ကျကြောင်း ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ် ငြိမ်းချမ်းရေးနှင့်သံတမန်ရေးရာ သုတေသနဌာန အကြီးအကဲ Muhammad Asif Noor က ဆိုသည်။
အာမေးနီးယား နိုင်ငံရေး၊စီးပွားရေး မဟာဗျူဟာသုတေသနဗဟို ညွှန်ကြားရေးမှူးချုပ် Benyamin Poghosyan က သက်သေမရှိဘဲ အပြစ်တင်စွပ်စွဲခြင်းသည် တရုတ်ကိုတားဆီးမည့် အမေရိကန်၏ မဟာဗျူဟာနှင့်ကိုက်ညီကြောင်း၊ သို့သော် ထိုသို့ လုပ်ဆောင်ခြင်းသော အမေရိကန်၏ ကျဉ်းမြောင်း သည့် ပထဝီနိုင်ငံရေးအကြံအစည်သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုကို နှောင့်နှေးစေနိုင်ကြောင်း ဆိုသည်။
လက်တွေ့ကိုမျက်ကွယ်ပြု၍ တရုတ်နိုင်ငံကို အိုးမဲသုတ်သည့် မည်သည့်အကြံအစည်မျှ အောင်မြင် မည်မဟုတ်ဘဲ ကိုယ်တိုင်ရေးသည့် အမေရိကန်၏ပြဇာတ်သည် ၎င်း၏အကျည်းတန်သည့်အသွင်ကို ပို၍ပေါ်လွင်စေမည်သာ ဖြစ်တော့သည်။ (Xinhua)