စက်ပစ္စည်းကိရိယာ ကွန်တိန်နာ အလုံး ၅၀ အပြည့်တင်ဆောင်ထားသည့် တရုတ်-ဥရောပ ရထားကြီးသည် တရုတ်နိုင်ငံ ချုံချင့်မြို့ ထွန်ကျယ်ကျေးရွာဘူတာမှစတင် ဩဂုတ် ၂၉ ရက်တွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။ ယင်းရထားကြီးသည် အတွင်းမွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အော့လျန်ဟောက် နယ်စပ်ဂိတ်ကို ဖြတ်ကျော်၍ ယူကရိန်းနိုင်ငံ မြို့တော် ကီးယက်သို့ စက်တင်ဘာလလယ်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ချုံချင့်-ကီးယက် ရထား အဆင်ပြေချောမွေ့စွာ မောင်းနှင်ခြင်းသည် တရုတ်-ဥရောပ ရထား( ချုံချင့်-ရှင်းကျန်း-ဥရောပ)ရထားလမ်းတွင် ချုံချင့်မြို့မှ ယူကရိန်းနိုင်ငံ ကီးယက်မြို့သို့ တိုက်ရိုက်ပြေးဆွဲသည့် နိုင်ငံတကာကုန်တင်ရထားဖွင့်လှစ်နိုင်ခြင်း၏ အမှတ်သင်္ကေတ ဖြစ်ရာ ချုံချင့်မြို့မှ ဥရောပတိုက်ဒေသများသို့ သွားရောက်ရာ နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်နှင့်ကုန်သွယ်ရေးလမ်းကြောင်းကို တစ်ဆင့်တိုး ဖွံ့ဖြိုးစေခြင်း ဖြစ်သည်။
ယခင်က ချုံချင့်မှ ယူကရိန်းသို့ ကုန်ပစ္စည်းများပို့ဆောင်ရာတွင် ဘီလာရုဇ် သို့မဟုတ် ပိုလန်မှ တစ်ဆင့်ပြောင်းရခြင်းဖြစ်ရာ သယ်ယူပို့ဆောင်ရေး ကုန်ပစ္စည်းများပြားသည့် ရာသီတွင် တစ်ဆင့်ခံကုန်လွှဲပြောင်းသည့်ဘူတာတွင် ခေတ္တစောင့်ဆိုင်းနေရခြင်းအခြေအနေများကြောင့် ရထားဝန်ဆောင်ရေးထိရောက်မှုအပေါ် သက်ရောက်မှု ရှိခဲ့သည်။ ယူကရိန်းသို့ တိုက်ရိုက် မောင်းနှင်သည့် ရထားဖွင့်လှစ်ခြင်းက ယင်းအခက်အခဲများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
နောင်အခါတွင် ယူကရိန်းသို့ တင်ပို့မည့် ကုန်ပစ္စည်းများကို ချုံချင့်၌ စုစည်းနိုင်ရာ တရုတ်-ဥရောပရထားဖြင့် ယူကရိန်းနှင့် ဥရောပအလယ်ပိုင်းနှင့်အရှေ့ပိုင်းဒေသများကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်မည်ဖြစ်ပြီး ပို၍ထိရောက်ကောင်းမွန်စွာ အာရှနှင့်ဥရောပတိုက် ကုန်းမြေကို ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ထိုမှတစ်ဆင့် ရထားသယ်ယူပို့ဆောင်ရေးကို အချိန်နှင့်အညီထိရောက်စွာ တစ်ဆင့်တိုးဆောင်ရွက်နိုင်မည်ဖြစ်ရာ ဖော်သည်လုပ်ငန်းများ၏အချို့၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး ဒေသ၊ အနီးဝန်းကျင်ဒေသလုပ်ငန်းများနှင့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်း နိုင်ငံတကာ ကုန်သွယ်ရေးတွင် ယှဉ်ပြိုင်နိုင်မှုနှင့်ဆက်လက်တိုးတက်နိုင်ရန်အတွက် အားဖြစ်စေကြောင်း သိရသည်။
ယခုနှစ် ပထမနှစ်ဝက်တွင် ချုံချင့်-ရှင်းကျန်း-ဥရောပ ရထားလမ်းကြောင်းတွင် ရထားအစီးရေ (၁,၃၅၉)စီး ပြေးဆွဲပြီးဖြစ်ရာ ပြီးခဲ့သည့် ကာလတူထက် (၅၀)ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း ချုံချင့်မြို့ဂိတ်နှင့်သယ်ယူပို့ဆောင်ရေးရုံး၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ ၂၀၁၁ ခုနှစ်မှစ၍ ချုံချင့်-ရှင်းကျန်း-ဥရောပ ပြေးဆွဲသည့် ရထားအစီးရေ (၈,၀၀၀)ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)