ညခင်းပိုင်းရောက်လျှင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းရှိ ချင်းကျိုးရထားကွန်တိန်နာဗဟိုဆိပ်ကမ်းတွင် နေ့ခင်းပိုင်းကဲ့သို့ ပျားပန်းခတ်စည်ကားအလုပ်များနေဆဲဖြစ်သည်။ တရုတ်နိုင်ငံ အနောက်ပိုင်းပြည်နယ်များမှလာသည့် ကုန်ပစ္စည်းများသည် ဤနေရာမှာပင် ကုန်တင်ကုန်ချ သင်္ဘောတင်ကြသလို အာဆီယံနိုင်ငံများမှလာသည့် ကုန်ပစ္စည်းများသည်လည်း သင်္ဘောပေါ်ကချ ထိုမှတဆင့် ကားပေါ်တင်၍ တရုတ်နိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်း ဒေသအသီးသီးကို ပို့ဆောင်လေ့ရှိရာ ပင်လယ်ရေကြောင်းနှင့်ရထားလမ်း လှစ်ဟာမှုမရှိ ချိတ်ဆက်ပေးနေသည်။
“ဒီနေရာမှာက နေ့တိုင်း ၂၄ နာရီမနားတမ်းလည်ပတ်နေရတယ်”ဟု China Railway United International Container (Guangxi) Co., Ltd.၏ ဒုတိယအထွေထွေမန်နေဂျာ ဝမ်ထျယ်ချိန်က ဆိုသည်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက် ဗဟိုဆိပ်ကမ်း၏ လုပ်ငန်းဆောင်တာများ တိုးတက်မှုရှိခဲ့ရာ ပြီးခဲ့သည့်နှစ် ဆိပ်ကမ်းတစ်ခုလုံး၏ ကွန်တိန်နာလက်ခံစီမံသည့်ပမာဏသည် TEU (၂၈၀,၀၀၀)ကျော်ရှိခဲ့ပြီး ယခုနှစ် အစောပိုင်း(၈)လကြာကာလတွင် TEUအလုံးရေ (၂၀၄,၀၀၀)ထိ ရှိခဲ့သည်။
ကုန်သွယ်ရေးပမာဏ လျင်မြန်စွာ တိုးတက်လာခြင်းသည် တရုတ်-အာဆီယံ ဆွေးနွေးညှိနှိုင်းမှုဆက်ဆံရေးတည်ဆောက်ပြီး နှစ်(၃၀)ကြာကာလ အထင်ရှားဆုံး ရလဒ်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင် အာဆီယံသည် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်ဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ကပ်ရောဂါ ဂယက်လှိုင်းရိုက်ခတ်မှုတွင် အာဆီယံသည် သမိုင်းဝင် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအနေဖြင့် တရုတ်-အာဆီယံ နှစ်ဖက်အကြား အပြန်အလှန် အကြီးဆုံးကုန်သွယ်ဖက်များ ဖြစ်ခဲ့ကြသည်။ ထိုဖြစ်စဉ်တွင် တရုတ်နိုင်ငံနှင့်အာဆီယံအကြား ယခုနှစ်များတွင် တည်ဆောက်ခဲ့သည် တည်ငြိမ်၊လွယ်ကူမြန်ဆန်သည့် အွန်လိုင်း၊ မြေပြင် လမ်းကြောင်းသစ်က အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်က “အနောက်ပိုင်းဒေသ ကုန်းရေဆက်နွယ်လမ်းကြောင်းသစ် စီမံချက်”ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယင်းလမ်းကြောင်းသည် ချုံချင်ကို ဗဟိုပြု၍ အနောက်ပိုင်းဒေသပြည်နယ်မြို့များကို အချက်အချာနေရာများအနေဖြင့် ရထားလမ်း၊ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းစသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများကို အသုံးပြုကာ တောင်ဘက် ကွမ်ရှီးပြည်နယ်မှ အာဆီယံနှင့် ကမ္ဘာ့နေရာဒေသ အသီးသီးသို့ ဆက်သွယ်ရန်ဖြစ်ရာ ၎င်းမှာ အရှေ့ပိုင်းဒေသ ပင်လယ်ရေကြောင်းပို့ဆောင်ရေးအချိန်နှင့်နှိုင်းယှဉ်လျှင် များစွာ လျော့နည်းနိုင်စေခဲ့ကြောင်း သိရသည်။
လမ်းကြောင်းသစ်သည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသနှင့် အာဆီယံ၏အကွာအဝေးကိုတစ်ဆင့်တိုးနီးကပ်စေခဲ့သည်။ “ချုံချင့်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာကို သွားမယ်၊ သမာရိုးကျ မြစ်ချောင်း-ပင်လယ် ရေကြောင်းသယ်ယူပို့ဆောင်မှုပုံစံနဲ့ဆိုရင် ရက်(၃၀)ကျော် ကြာမယ်။ အနောက်ဘက် ကုန်းရေဆက်နွယ်လမ်းကြောင်းသစ်နဲ့ဆိုရင် ရက်(၂၀)အတွင်း ပို့ဆောင်တယ်။ ဒါက သယ်ယူပို့ဆောင်သည့် ထိရောက်မှုနှုန်းကို မြှင့်တင်ပေးရုံတင်မကဘူး လုပ်ငန်းတွေရဲ့ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်ကို လျော့နည်းစေတယ်”ဟု ချုံချင့်ရှောင်ခန်းပို့ကုန်သွင်းကုန်ကုမ္ပဏီ အထွေထွေမန်နေဂျာ ကျန်းရှင်းယန့်က ဆိုသည်။
၂၀၂၀ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ၊ ယန်ဇီမြစ်ရေလျှံခြင်း၊ မြစ်ကျဉ်းသုံးသွယ် သင်္ဘောဖြတ်ကူး ရေတံခါး ပိတ်ဆို့ခြင်း စသည့် ရှုပ်ထွေးသည့်အခြေအနေမျိုးတွင် အနောက်ဘက် ကုန်းရေဆက်နွယ်လမ်းကြောင်းသစ်၏အစားထိုးနိုင်မှု အားသားချက်ကို အပြည့်အဝအသုံးချနိုင်ခဲ့ရာ လုပ်ငန်းများပြန်လည်လည်ပတ်ရေးအတွက် တွန်းအားဖြစ်စေသလို ကုန်ပစ္စည်းပံ့ပိုးမှုကွင်းဆက်တည်ငြိမ်အောင် ထိန်းသိမ်းရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၂၀၂၀ပြည့်နှစ် ကုန်းရေဆက်နွယ်လမ်းကြောင်းသစ် ရထားလမ်းနှင့်ပင်လယ်ရေကြောင်းလမ်း ချိတ်ဆက်သောသယ်ယူပို့ဆောင်ရေးတွင် မောင်းနှင်ခဲ့သည့် ရထားအစီးအရေ (၄,၅၉၆)စီးရှိပြီး ပြီးခဲ့သည့် ကာလတူထက် (၁၀၄)ရာခိုင်နှုန်း တိုးမြင့်လာခဲ့ရာ မောင်းနှင်သည့် ရထားအစီးရေသည် ပြီးခဲ့သည့်(၃)နှစ် တာတာကာလအတွင်း စုစုပေါင်းပမာဏကို ကျော်လွန်ခဲ့သည်။ယခုနှစ်ပထမနှစ်ဝက်၌ ကုန်းရေဆက်နွယ်လမ်းကြောင်းသစ်တွင် မောင်းနှင်သည့် ရထားအစီးရေ(၂,၉၀၂)စီးရှိရာ ပြီးခဲ့သည့်ကာလတူထက် (၇၂)ရာခိုင်နှုန်းတိုးမြင့်လာသည်။
အဆိုပါလမ်းကြောင်းသစ်တည်ဆောက်ရာ၌ လမ်းကြောင်းကွန်ရက်နှင့် ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာကို မပြတ်တိုးချဲ့လျက်ရှိရာ လက်ရှိ လမ်းကြောင်းဦးတည်ရာအရပ်သည် နိုင်ငံနှင့်ဒေသပေါင်း(၁၀၆)ခုရှိ ဆိပ်ကမ်းပေါင်း (၃၀၀)ကျော်ကို တိုးချဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်း ထုတ်ပြန်သည့် တရုတ်နိုင်ငံ၏ “(၁၄)ကြိမ်မြောက် (၅)နှစ်တာ စီမံကိန်း အနောက်ဘက် ကုန်းရေလမ်းကြောင်းသစ် အရည်အသွေးမြင့် အကောင်အထည်ဖော်တည်ဆောက်ရေး နည်းလမ်း”၌ ၂၀၂၅ ခုနှစ်တွင် အရှေ့၊အလယ်၊အနောက် လမ်းကြောင်း သုံးသွယ်ဆက်လက်အားဖြည့်မှုကို အကောင်အထည်ဖော်သွားမည် ဖြစ်ရာ လမ်းကြောင်း၊ဆိပ်ကမ်းနှင့်သယ်ယူပို့ဆောင်ရေး လည်ပတ်သည့် ထိရောက်မှု ပိုမိုမြင့်မားစေရန်၊ လမ်းကြောင်းတစ်လျှောက်စီးပွားရေးနှင့်ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး သိသာထင်ရှားစေရန် ရည်မှန်းချက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“အနာဂတ်မှာ အနောက်ဘက် ကုန်းရေဆက်နွယ်လမ်းကြောင်းသစ်က တရုတ်နဲ့အာဆီယံ ပြီးတော့ အခြားသက်ရောက်မှုရှိမယ့်ဒေသတွေရဲ့ ကုန်သွယ်စီးပွားအသွားအလာကို တစ်ဆင့်တိုး တွန်းအား ဖြစ်စေမှာပါ။ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးမှာ ပိုပြီး အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်လာလိမ့်မယ်”ဟု ကွမ်ရှီး လူမှုသိပ္ပံအကယ်ဒမီ အရှေ့တောင်အာရှိသုတေသနဌာန တွဲဖက်သုတေသီ လိန်ရှောင်ဟွာက ဆိုသည်။
မြေပြင်လမ်းကြောင်းနှင့်အပြိုင် နယ်စပ်ဖြတ်ကျော်E-commerce ဖြစ်သည့် Cloud Channelက ကပ်ရောဂါအခြေအနေတွင် နီးကပ်သည့်နှစ်ဖက်ကုန်သွယ်ရေးအသွားအလာကို သွေးသစ်လောင်းပေးခဲ့သည်။
ယခုနှစ်ပိုင်းများတွင် အာလီဘာဘာက အရှေ့တောင်အာရှ E-commerce “Lazada”ပလက်ဖောင်းတွင် ၎င်း၏ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံအထောက်အပံ့ဖြင့် အမှတ်တံဆိပ်များစွာနှင့်လုပ်ငန်းပေါင်းများစွာအတွက် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အာဆီယံနိုင်ငံများသို့ ဝင်ရောက်၍ ဖွံ့ဖြိုးရေးဈေးကွက် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
NanNing Comprehensive Bonded Zone(NJCBZ)ရှိ Lazada နယ်စပ်ဖြတ်ကျော်ဂေဟဗေဒဆန်းသစ်တီထွင်ရေးဝန်ဆောင်မှုစင်တာ(နန်နင်း)သည် အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းသစ်များ မွေးဖွားရာ၊ ဒေသန္တရဝန်ဆောင်မှုနှင့် နယ်စပ်ဖြတ်ကျော် E-commerce လူရည်ချွန်များပျိုးထောင်ပေးရန် မျက်နှာမူဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့်နှစ်က Lazada နယ်စပ်ဖြတ်ကျော်ဂေဟဗေဒဆန်းသစ်တီထွင်ရေးဝန်ဆောင်မှုစင်တာ(နန်နင်း)တွင် အထူး တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ပြီး ပါးစပ်နှာခေါင်းစည်း၊ ပိုးသတ်ဆေးရည်၊ ရောဂါကာကွယ်ရေးဝတ်စုံစသည်တို့အပါအဝင် တရုတ်နိုင်ငံ၏ အရည်အသွေးကောင်းမွန်သည့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို ပြသခဲ့ရာ အရှေ့တောင်အာရှလူထု အချို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
“အရှေ့တောင်အာရှရဲ့ E-commerce ဖွံ့ဖြိုးတိုးတက်မှုနှုန်းက အရမ်းမြန်တယ်၊ နယ်စပ်ဖြတ်ကျော် တိုက်ရိုက်ထုတ်လွှင့်မှုတွေရဲ့ ကြည့်ရှုတဲ့ ပမဏက သိသိသာသာ တိုးတက်လာတဲ့အနေအထားရှိတယ်”ဟု Guangxi TUS Innovation Cross-border E-commerce Co., Ltd နိုင်ငံခြား စီမံကိန်း ဒါရိုက်တာ ကျောက်ဟွေးက ဆိုသည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကုမ္ပဏီက နယ်စပ်ဖြတ်ကျော် တိုက်ရိုက်ထုတ်လွှင့်မှု စတင်လုပ်ဆောင်သည့်အခါ ကြည့်ရှုသူနည်းပါးကြောင်း၊ ယခုအခါလုပ်ငန်းများက ဒေသရှိ လူနေမှုဘဝသို့ ဝင်ရောက်လာခြင်းနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသည့် ပမာဏသည် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မူဘောင်အောက်ရှိ E-commerceအဆင့်မြင့်ဆွေးနွေးပွဲဖိုရမ်ဖြစ်သည့် တရုတ်-အာဆီယံပိုးလမ်းမ E-commerce ဖိုရမ်ကို (၇)နှစ်ဆက်တိုက် ကျင်းပခဲ့ပြီးဖြစ်သည်။ဆွေးနွေးမှုဖိုရမ်က တရုတ်နှင့်အာဆီယံအကြား E-commerceကဏ္ဍတွင် အရင်းအမြစ်၊ နည်းပညာ၊ လူရည်ချွန် ၊အချက်အလက်စသည်တို့ နှီးနွယ်ဖလှယ်မှုကို နက်ရှိုင်းစေရန်၊ E-commerce ဂေဟစနစ်တည်ဆောက်ရန်အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ရာ တရုတ်-အာဆီယံ E-commerce ပူးပေါင်းဆောင်ရွက်မှုက တိုးတက်ရေးအဆင့်သစ်ကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ စီးပွားကူးသန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဆုကျန်းက ဆိုသည်။ (Xinhua)