စက်တင်ဘာလ ၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားနှင့် ဆက်ဆံရေး ဝန်ကြီးဌာန နှင့် တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကော်မတီတို့ ပူးတွဲကျင်းပသော တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို နန်နင်းမြို့၌ ကျင်းပခဲ့ပါသည်။
ယင်းဆွေးနွေးပွဲတွင် “နိုင်ငံရေးပါတီများ အားဖြည့်ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတူရှာဖွေကြရေး”ကို ဆောင်ပုဒ်အဖြစ်ထားကြောင်း၊ အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံရေးပါတီ ၄၀ ကျော်မှ ခေါင်းဆောင်များ၊ လူငယ်အဖွဲ့အစည်းများ၏ တာဝန်ခံများနှင့် အစိုးရကိုယ်စားလှယ် ၃၀၀ ကျော်တို့သည် ဗီဒီယိုနည်းလမ်းဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံဆိုင်ရာ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ သံတမန်အရာရှိ ၃၀ ခန့်တို့သည် ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
တရုတ်ကွန်မြူနစ်ပါတီသည် ယင်းဆွေးနွေးပွဲကို အခွင့်ကောင်းအဖြစ်ထားပြီး ဒေသတွင်း နိုင်ငံအသီးသီးမှ နိုင်ငံရေးပါတီများနှင့်အတူ မဟာဗျူဟာ ကူးလူးဖလှယ်မှုကို အားဖြည့် ဆောင်ရွက်၍ ဖွံ့ဖြိုးရေးကို အာရုံစိုက် အလေးထားကြောင်း၊ “The Belt and Road” နိုင်ငံရေးပါတီများ အတူဆွေးနွေးရေးစနစ် အပါအဝင် ပလက်ဖေါင်းများ၏ အခန်းကဏ္ဍကို ဆောင်ရွက်ကြောင်း၊ ဒေသတွင်းဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှု၊ ဆင်းရဲမှုလျှော့ချရေး၊ ကူးစက် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး၊ လူငယ်များ ကူးလူးဖလှယ်ရေးစသော နယ်ပယ် များ၌ တိကျစွာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကြောင်း၊ ဒေသတွင်းဖွံ့ဖြိုးမှုအတွက် တွန်အားသစ် ထည့်သွင်းကြောင်း၊ ဒေသတွင်းပြည်သူလူထုအတွက် အကျိုးဆောင်ကြဉ်း လာမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားနှင့် ဆက်ဆံရေး ဝန်ကြီး စွန့်ထောက ပြောကြားပါသည်။
ယင်းဆွေးနွေးပွဲတွင် “တရုတ်ကွန်မြူနစ်ပါတီ နှင့် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ၏ ဘုံကမ်းလှမ်းချက်”ကို အတည်ပြုခဲ့ပါသည်။