လာမည့်Shenzhou-13 လူတင်အာကာသယာဉ်ခရီးစဉ်အတွက် အထောက်အပံ့ပစ္စည်းများ သယ်ဆောင်သွားသည့် တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် Tianzhou-3သည် တနင်္လာနေ့တွင် အာကာသစခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အေဂျင်စီ(CMSA)၏ သတင်းများအရ သိရသည်။
Tianzhou-3သည် ပေကျင်းစံတော်ချိန် ည ၁၀ နာရီ ၀၈ မိနစ်တွင် အာကာသစခန်းပင်မခန်း Tianhe၏ အနောက်ဘက်အပါက်နှင့် ကွန်ပြူတာအစီအစဉ်အတိုင်း ချိတ်ဆက်နိုင်ခဲ့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အချိန် (၆.၅)နာရီ ကြာခဲ့ကြောင်း CMSAက ဆိုသည်။
Tianzhou-3 သယ်ဆောင်သည့် Long March-7 Y4ဒုံးပျံကို တရုတ်နိုင်ငံ တောင်ပိုင်းကျွန်းပြည်နယ် ဟိုင်နန်ရှိ ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးစခန်းမှ ညနေ ၃ နာရီ ၁၀မိနစ်တွင် လွှတ်တင်ခဲ့ခြင်းသည်။ အချိန်(၅၉၇)စက္ကန့်ခန့် အကြာတွင် အာကာသယာဉ်သည် ဒုံးပျံ မှခွဲထွက်၍ သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်း သို့ ရောက်ရှိခဲ့ပြီး ၁၅ နာရီ ၂၂ မိနစ်တွင် အာကာသယာဉ်သည် နေရောင်ခြည်စွမ်းအင်သုံးရွက်လှေပြား ဖြန့်၍ ပုံမှန်အလုပ်လုပ်ဆောင်နိုင်ခဲ့ရာ လွှတ်တင်မှု အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၈ ရက်က ယခင်ချိတ်ဆက်ထားသည့် Tianzhou-2 ကုန်တင်အာကာသယာဉ်သည် Tianhe ပင်မခန်း အနောက်ပေါက်မှ ထွက်ခွာ၍ အရှေ့ဝင်ပေါက်နှင့် ချိတ်ဆက်ခဲ့သည်။
Tianzhou-3 ချိတ်ဆက်နိုင်မှုနှင့်အတူ ကုန်တင်အာကာသယာဉ်နှစ်စင်းသည် Tianheပင်မခန်း၏ တစ်ဘက်တစ်ချက်စီတွင် မျဉ်းဖြောင့်သဏ္ဍာန်ချိတ်ထားရင်း လူတင်အာကာသယာဉ် Shenzhou-13 ရောက်လာရန် စောင့်ဆိုင်းလျက်ရှိသည်။
ကုန်ပစ္စည်းတန်ချိန်(၆)တန် နီးပါး တင်ဆောင်ထားသည် Tianzhou-3တွင် အာကာသယာဉ်မှူးများ၏ အသုံးအဆောင်ပစ္စည်းများ၊ အာကာသစခန်းပြင်ပသုံးအင်္ကျီနှင့်ပစ္စည်းများ၊ အာကာသစခန်းပလက်ဖောင်းသုံး အထောက်အပံ့ပစ္စည်းများ စသည်တို့ ပါဝင်ကြောင်း သိရသည်။
တနင်္လာနေ့တွင်လွှတ်တင်သည့်ခရီးစဉ်သည် တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အစီအစဉ်၏ အကြိမ်(၂၀)မြောက် ခရီးစဉ်ဖြစ်သလို Long March စီးရီးဒုံးပျံများ၏ (၃၈၉)ကြိမ်မြောက် ပျံသန်းခြင်းလည်း ဖြစ်သည်။