တရုတ်နိုင်ငံနှင့် RCEP အဖွဲ့ဝင်နိုင်ငံများက ကုန်သွယ်ရေးသဘောတူညီချက်အား လျာထားသည့်အတိုင်း အကောင်အထည်ဖော်ရေး လုပ်ဆောင်လျက်ရှိ

2021-09-23 18:27:02 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) အဖွဲ့ဝင် အခြားနိုင်ငံများနှင့်အတူ ကုန်သွယ်ရေးသဘောတူညီချက်အား လျာထားသည့်အတိုင်း အသက်ဝင်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က စက်တင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကြား ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး ထူထောင်သည်မှာ နှစ်ပေါင်း ၃၀ ပြည့်မြောက်သည့် အခါသမယလည်း ဖြစ်သည်။

အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေးများစွာကို စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပခဲ့ပြီး ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသော အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးအတွက် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများ၌ ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း MOC အရ သိရသည်။

တရုတ်နိုင်ငံသည် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်အောက်တွင် အရည်အသွေးမြင့်မားသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ COVID-19 ထိန်းချုပ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ယုံကြည်မှု မြှင့်တင်ရန် ဆက်စပ်သော နိုင်ငံများနှင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အရှေ့အာရှတွင် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု မြှင့်တင်ရန်နှင့် RCEP ဆောလျင်စွာ အကောင်အထည်ဖော်ရေး တိုးမြှင့်ရန် ကြိုးပမ်းအားထုတ်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MOC က ဆိုသည်။

ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီဂျစ်တယ်စီးပွားရေးနှင့် ဒီဂျစ်တယ်ကုန်သွယ်မှု၊ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဧရိယာ တည်ဆောက်မှုအဆင်ပြေချောမွေ့စေရေး စသည့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် ကြိုးပမ်းအားထုတ်မှုများဖြစ်ကြောင်း သိရသည်။ (Xinhua)