အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်တို့၌ အစောင့်အရှောက်တာဝန် ထမ်းဆောင်ရန်အတွက် စက်တင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် Qingdao မြို့မှ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)၏ ၃၉ ကြိမ်မြောက် ရေယာဉ်အုပ်စု ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ ရေယာဉ်အုပ်စုတွင် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော Urumqi ၊ ဒုံးကျည်ဖရီးဂိတ်စစ်သင်္ဘော Yantai နှင့် ထောက်ပံ့ရေးသင်္ဘော Taihu တို့နှင့်အတူ သင်္ဘောပေါ်တွင် အထူးစစ်သည်များ ဒါဇင်ပေါင်းများစွာ နှင့် ရဟတ်ယာဉ်နှစ်စင်း ပါဝင်ကြောင်း သိရသည်။
ယင်းတာဝန်အတွက် ပြင်ဆင်သည့်အနေဖြင့် ရေတပ်သင်္ဘောအုပ်စုသည် လက်နက်များ အသုံးပြုခြင်း ၊ အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်ရေး နှင့် ပင်လယ်ဓားပြမှုနိမ်နင်းရေး တို့အပြင် ပင်လယ်ပြင်၌ အားဖြည့်ခြင်းတို့အား လေ့ကျင့်ခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရေတပ်သည် အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်တို့၌ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ အစောင့်အရှောက်တာဝန်များ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)