အောက်တိုဘာလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Kishida Fumio နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နှင့်ဂျပန် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းသည် နှစ်နိုင်ငံမှ ပြည်သူများ၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် အာရှနှင့်ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေး၊ စည်ပင်သာယာရေးအတွက်လည်း အကျိုးရှိကြောင်း၊ လာမည့်နှစ်သည် တရုတ်နှင့်ဂျပန် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်လာခြင်း နှစ် ၅၀ ပြည့်ဖြစ်၍ နှစ်ဖက်တို့သည် မူရင်းစိတ် ပြန်လည်ထွန်းကားအောင် ဆောင်ရွက်ပြီး ယင်းအရေးပါသော သမိုင်းဝင် အခါသမယကို လက်တွဲကြိုဆိုရန် အတူဆောင်ရွက်ကာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍကို ဖွင့်လှစ်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါသည်။
Kishida Fumio သည် တရုတ်အမျိုးသားနေ့ ထောမနာပြုပါသည်။ ၎င်းက လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေတွင် ဂျပန်နှင့် တရုတ်ဆက်ဆံရေးသည် ခေတ်သစ်သို့ ဝင်ရောက်နေကြောင်း၊ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အရပ်ဘက်ကူးလူးဖလှယ်မှုကို ဆက်လက်အားဖြည့် ဆောင်ရွက်ပြီး ကိုဗစ်-၁၉ တိုက်ဖျက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုစသည့် အရေးကြီးသော နိုင်ငံတကာနှင့်ဒေသတွင်း ကိစ္စရပ်များအပေါ် ရင်းနှီးစွာ ဆွေးနွေးတိုင်ပင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောဆိုခဲ့ပါသည်။
နှစ်ဦးနှစ်ဖက်တို့က ယခုအကြိမ်ဆွေးနွေးမှုသည် အချိန်မီပြီး အလွန်အရေးကြီးသည်ဟု ယူဆပြီး နှစ်နိုင်ငံဆက်ဆံရေး မှန်ကန်စွာ တိုးတက်ရေးအတွက် လမ်းညွှန်ပေးရန် နည်းလမ်းပေါင်းစုံဖြင့် အပြန်အလှန်ကူးလူးဆက်ဆံမှု ထိန်းသွားမည်ဟု သဘောတူကြပါသည်။(CRI Myanmar)