တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အထင်ကြီးဖွယ်ဖြစ်ပြီး ကမ္ဘာကြီးအတွက် လိုက်နာရန် စံပြဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီမံကိန်းဝန်ကြီး MA Mannan က ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၄ ရက်က အွန်လိုင်းဟောပြောပွဲ၌ ဧည့်သည်တော်အဖြစ် စကားပြောကြားစဉ် ဝန်ကြီးက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်-တရုတ် ကျောင်းသားဟောင်းများအသင်း (ABCA) မှ ဦးစီးကျင်းပသော အွန်လိုင်းဟောပြောပွဲတွင် အခြားဧည့်သည်တော် အမြောက်အများနှင့်အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပို့ကုန်များအား တရုတ်နိုင်ငံသို့ စည်းကြပ်ခွန် ၉၇ ရာခိုင်နှုန်းအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ခွင့်ပြုပေးခြင်းအတွက် တရုတ်နိုင်ငံ အစိုးရကို ကျေးဇူးတင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်-တရုတ် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ချေးငွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကမ္ဘာ့ချေးငွေ စုစုပေါင်းတွင် သေးငယ်သောပမာဏအဖြစ်သာ ပါဝင်ကြောင်း ပြောကြားလျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်နိုင်ငံ၏ “ကြွေးမြီထောင်ချောက်”တွင် ကျရောက်နေသည်ဟူသော ပြောကြားချက်အပေါ် ဝန်ကြီးက ပယ်ချခဲ့သည်။
“အကယ်၍ ကျွန်တော်တို့သာ ထောင်ချောက်ထဲကျနေတယ်ဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံခြားငွေကြေးလဲလှယ်မှုတွေက ဘယ်လိုလုပ်ကောင်းလာမလဲ” ဟု ၎င်းက ပြောခဲ့သည်။
“ကျွန်တော်တို့ စဉ်းစားတယ်။ ငွေချေးယူတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဆွေတွေဆီကနေ ချေးယူရပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)