ယခုလ ၉ ရက်နေ့က ကျင်းပခဲ့သော ရှင်ဟဲတော်လှန်ရေး နှစ် ၁၁၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်ပွဲတွင် တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်းပြောကြားရာ တရုတ်ပြည်၏ လုံးဝ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးကို အကောင်အထည် ဖော်ဆောင်ရမည်ဖြစ်သလို အကောင်အထည်ဖော်ဆောင်နိုင်သည်မှာ မုချမလွဲဖြစ်ကြောင်း ပြောကြားသည်။ ယင်းဖော်ပြချက်သည် နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် တရုတ်ပြည်၏ ကြံ့ခိုင်သည့် စိတ်ပိုင်းဖြတ်မှုနှင့် ကြံ့ခိုင်ပြတ်သားသော ဇွဲသတ္တိကို ပြသနေကြောင်း China Media Groupက ဖော်ပြသည်။
နိုင်ငံတော် လုံးဝ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးကို အကောင်အထည်ဖော်ဆောင်ခြင်းသည် တရုတ်အမျိုးသား၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တရုတ်ပြည်၏ တစ်ပေါင်း တစ်စည်းတည်းဖြစ်ရေးကို အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်သလို အကောင်အထည် ဖော်ဆောင်နိုင်သည်မှာ မုချမလွဲဖြစ်ကြောင်း၊ ယင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်အတွင်း ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြီးသတ်ကောက်ချက်ဖြစ်ပြီး ခေတ်ကာလသစ်တွင် တရုတ် အမျိုးသား၏ ကြီးမြတ်သော ပြန်လည်ရှင်သန်ရေး၏ ဧကန်မလွဲ ဖြစ်သည့် တောင်းဆိုချက်လည်း ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိကြောင်း၊ ထိုင်ဝမ်သည် တရုတ် ပိုင်နက်နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်း ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာ မိသားစုကြီး၏ ယေဘုယျ အသိအမြင် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။
ငြိမ်းချမ်းရေးနည်းလမ်းဖြင့် နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို အကောင်အထည် ဖော်ဆောင်ခြင်းသည် ထိုင်ဝမ်ပြည်သူလူထုများ အပါအဝင် တရုတ်အမျိုးသား တစ်ခုလုံး၏ အကျိုးစီးပွားနှင့် အကိုက်ညီဆုံး ဖြစ်ကြောင်း၊ သို့သော် ထိုင်ဝမ် သီးခြားလွတ်လပ်ရေး အင်အားစုများသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် ၁၉၉၂ခုနှစ် သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ကျောခိုင်းပြီး ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း၏ ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ဖြစ်စဉ်ကို တမင်သက်သက် ဖျက်ဆီးနေကြောင်း၊ တရုတ်ပြည်သည် လက်နက်အင်အားအသုံးပြုမှုကို လက်လွှတ်ထားမည်ဟု ကတိမပြုဘဲ လိုအပ်သော ဆောင်ရွက်ချက်များပြုလုပ်ရန် ရွေးချယ်မှုကို ထိန်းသိမ်းထားကြောင်း၊ ယင်းသည် ပြင်ပမှ အင်အားစုများမှ ဝင်ရောက်စွက်ဖက်မှုများ၊ ထိုင်ဝမ် သီးခြားလွတ်လပ်ရေးသမားများနှင့် ၎င်းတို့၏ သွေးခွဲရေး လှုပ်ရှားမှုများကို ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း၊ တရုတ်ပြည်သည် အစမှ အဆုံး ပြောသည့်အတိုင်း တကယ်တမ်း လုပ်ဆောင်တတ်ကြောင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် တရုတ်ပြည်သူများ၏ ကြံ့ခိုင်သည့် စိတ်ပိုင်းဖြတ်မှု၊ ကြံ့ခိုင် ပြတ်သားသော ဇွဲသတ္တိနှင့် အားကောင်းသည့် စွမ်းဆောင်ရည်ကို မည်သူမည်ဝါမှ လျှော့မတွက်သင့်ကြောင်း China Media Groupက ဖော်ပြသည်။(CRI Myanmar)