အီရတ်နိုင်ငံ၏ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးတွင် တွန်းအားပေးရန် တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ်ကို အီရတ်နိုင်ငံက ကြာသပတေးနေ့တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။ ဘဂ္ဂဒတ်လေဆိပ်၌ ပြုလုပ်သော ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ အီရတ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Jian Fangning နှင့် အီရတ်ကျန်းမာရေးအရာရှိများ အတူတကွတက်ရောက်ခဲ့ကြသည်။
အဆိုပါ လှူဒါန်းမှုများသည် နှစ်နိုင်ငံ နှင့် ၎င်းတို့၏ပြည်သူများအကြား နက်ရှိုင်းပြီးကောင်းမွန်သော ချစ်ကြည်ရင်းနှီးမှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း အခမ်းအနားတွင် သံမှူးကြီး Jian က ပြောကြားခဲ့သည်။ ထို့ပြင် ယခုလှူဒါန်းမှုသည် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကမ္ဘာလုံးဆိုင်ရာ ကုန်စည်အဖြစ် လုပ်ဆောင်ရန် တရုတ်နိုင်ငံ၏ နောက်ထပ် စံနမူနာကောင်းတစ်ခုဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။“ တရုတ်နိုင်ငံက ကူညီပေးအပ်တဲ့ ကာကွယ်ဆေးတွေဟာ အီရတ်နိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် ၊ လူအုပ်စုအကြား ကိုယ်ခံအားစနစ်တည်ဆောက်မှုနဲ့ ကပ်ရောဂါကို အပြီးသတ်ထိန်းချုပ်ဖို့အတွက်ပါ များစွာအကူအညီဖြစ်စေမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
တစ်ဆက်တည်းမှာပင် အီရတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Riyadh Abdul-Amir က ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အီရတ်နိုင်ငံအတွက် တရုတ်နိုင်ငံ၏ စည်းလုံးညီညွတ်မှုနှင့်အတူ ထောက်ပံ့မှုများအပေါ် ချီးကျူးစကားဆိုခဲ့ပြီး ၊ ယခုအသုတ် ရောက်ရှိလာသော ကိုဗစ်ကာကွယ်ဆေးများသည် အီရတ်နိုင်ငံသားများအတွက် ကာကွယ်ဆေးထိုးနှံပေးမှုရာခိုင်နှုန်းကို မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ထို့ပြင်၎င်းက အခြားနိုင်ငံများသို့ ကိုဗစ်ကာကွယ်ဆေးများ ထောက်ပံ့ပေးနေသည့် တရုတ်နိုင်ငံ၏ အလွန်အရေးပါသော အခန်းကဏ္ဍကို ချီးမွမ်းခဲ့ပြီး ယင်းမှာ ကမ္ဘာတစ်ဝှမ်း ကာကွယ်ဆေး ညီတူညီမျှ ဖြန့်ဖြူးမှုကို မြှင့်တင်ပေးရာ ရောက်ကြောင်း ဆိုသည်။
ကိုဗစ်-၁၉ လူနာသစ် ၂,၃၈၃ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်းနှင့်အတူ အီရတ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၂,၀၃၀,၄၉၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အီရတ်နိုင်ငံသည် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ပထမသုံးသုတ်ကို မတ်လ ၊ ဧပြီလနှင့် ဩဂုတ်လများတွင် အသီးသီးလက်ခံရရှိခဲ့ကြောင်း သိရသည်။(Xinhua)