မြန်မာနိုင်ငံ ဆင်းရဲမှုလျှော့ချရေးအတွက် တရုတ်ပြည်၏ အတွေ့အကြုံကို လေ့လာ သင်ယူမည်ဟု မြန်မာဝန်ကြီး ပြောကြား

2021-10-21 11:10:04 |သတင်းအရင်းအမြစ် CRI

ယခုလ ၁၉ ရက်နေ့က ၂၀၂၁ ခုနှစ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် ဖိုရမ်ကို ပေကျင်းမြို့၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေး၏ ဆောင်ပုဒ်သည် “နိုင်ငံတကာ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ဆင်းရဲမှု လျှော့ချရေးနှင့် ကျေးလက် ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေးခြင်း” ဖြစ်ပြီး အွန်လိုင်း အော့လိုင်းဖြင့် ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟူချွန်ဟွာ၊ ဥဇဘက်ကစ္စတန် ဒုတိယဝန်ကြီးချုပ် ခူချီခါလိုဖ်၊ မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီး ဦးလှမိုးနှင့် နိုင်ငံတကာဆင်းရဲမှုလျှော့ချရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို ကူးလူးဖလှယ်ခဲ့ကြသည်။

ဟူချွန်ဟွာက ဆင်းရဲမှု လျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသည့် အရေးကြီးသော လုပ်ငန်း တာဝန်ဖြစ်ကာ နိုင်ငံတကာ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အရေးကြီးသော အခန်းကဏ္ဍ ဖြစ်ကြောင်း၊ ယခုနှစ်တွင် တရုတ်ပြည် ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းသည် ဘက်စုံအောင်မြင်မှုရရှိပြီး ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်ပါ ဆင်းရဲမှုလျှော့ချရေး ရည်မှန်းချက်ကို ၁၀ နှစ် စောပြီး အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ တရုတ်နမူနာကို ဖန်တီးပြီး ကမ္ဘာ့ဆင်းရဲမှု စီမံဖြေရှင်းရေးအတွက် တရုတ်ဉာဏ်နှင့် တရုတ် အဆိုပြုချက်ကို အကျိုးပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီး ဦးလှမိုးက သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ၏ ဆင်းရဲမှုနှုန်းသည် ၂၄.၈ ရာခိုင်နှုန်းမှနေ ၂၇ ရာခိုင်နှုန်းသို့ မြင့်တက်ကာ ၂၀၂၂ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံ၌ ဆင်းရဲသူလူဦးရေသည် တစ်ဟုန်တိုး မြင့်တက် နိုင်ခြေရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဆင်းရဲမှုပပျောက်ရေးနည်းလမ်းသည် တရုတ် ပြည်တွင်းဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းအပြင် အခြားနိုင်ငံများအားလည်း အရေးကြီးသော အကျိုးပြုနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကောင်းမွန်သော အတွေ့အကြုံများကို သင်ယူ လေ့လာခြင်းသည် မြန်မာနိုင်ငံ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းအတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ ကမ္ဘာနှင့် ဒေသတွင်း မိတ်ဖက် နိုင်ငံများနှင့်အတူ ကျေးလက် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှု ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။(CRI Myanmar)