အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အပေါ့စားမီးရထားလမ်းတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ရထား စမ်းသပ်ပြေးဆွဲမှု ပြီးစီး

2021-10-22 16:35:02 |သတင်းအရင်းအမြစ် 新华网

အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အပေါ့စား ရထားလမ်းတွင် ဗုဒ္ဓဟူးနေ့ညက ပထမဆုံး ရထားစမ်းသပ်ပြေးဆွဲမှုပြုလုပ်ခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင်ကုမ္ပဏီ NTA Metropolitan Mass Transit Systemက ပြောကြားခဲ့သည်။ပထမဆုံးစမ်းသပ်ပြေးဆွဲသည့် လျှပ်စစ်ရထားကို အစ္စရေးအစိုးရ၏တင်ဒါခေါ်ယူမှုတွင် ရရှိခဲ့သည့် တရုတ်ကုမ္ပဏီ CRRC Changchun Railway Vehicles Co.က တီထွင်ထုတ်လုပ်ခြင်း ဖြစ်သည်။

အဆိုပါမော်ဒယ်ရထားကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ချန်ချွမ်းမြို့တွင် ဧပြီလအစောပိုင်းက အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် အစ္စရေးသို့ ပထမဆုံး ရထားတွဲရောက်ရှိလာခြင်းဖြစ်သည်။ စမ်းသပ်ပြေးဆွဲမှုကို အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အပေါ့စားရထားလိုင်း စီမံကိန်း လိုင်းသုံးခု၏ ပထမဆုံးရထားလိုင်းဖြစ်သည့် အနီရောင်လိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အနီရောင်းရထားလိုင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် စတင်လည်ပတ်ရန် ခန့်မှန်းထားကြောင်း သိရသည်။

ယင်းရထားလမ်းသည် အစ္စရေးနိုင်ငံအလယ်ပိုင်း တဲလ်အဗစ်မြို့ပြဧရိယာ၏ လူစည်းကားရာ မြို့ ၅ မြို့ ဖြတ်သန်းသွားခြင်းဖြစ်သည်။ ရထားလမ်းအရှည် ၂၄ ကီလိုမီတာရှိရာ ၁၁ ကီလိုမီတာသည် ဥမင်လိုဏ်ခေါင်းဖြစ်ပြီး မြေပေါ်ဘူတာ ၂၄ ခုနှင့် မြေအောက်ဘူတာ ၁၀ ခုဖြင့် စုစုပေါင်း ဘူတာ ၃၄ ခု ပါရှိကြောင်း သိရသည်။

၃.၅ မိနစ်လျှင်ရထားတစ်စီးနှုန်း ၊ ရထားတစ်စီးလျှင် ခရီးသည် ၅၀၀ ဦးတင်ဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ယင်းရထားလိုင်းရှိ ဥမင်လိုဏ်ခေါင်း၊ ဘူတာ၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးစနစ် တည်ဆောက်မှုများကို China Civil Engineering Construction Corporation (CCECC)နှင့်၎င်း၏ မိတ်ဖက်ဖြစ်သည့် CRTG-EEBတို့က အစ္စရေးကုမ္ပဏီ Solel Boneh၊ Danya Cebusတို့နှင့် ပူးတွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)