မြန်မာနိုင်ငံနှင့် ပူးတွဲကာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်း အားသွန်ခွန်စိုက် ဖော်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံ ရွှေလီမြို့သည် မြန်မာနိုင်ငံ မူဆယ်ဒေသသို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ၄ သိန်းနှင့် တန်ဖိုး တရုတ်ယွမ် သိန်း ၂၀၀ ကျော်ရှိ ကပ်ရောဂါထိန်းချုပ်ရေးပစ္စည်းများ အား လှူဒါန်းခဲ့ကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ညွှန်ကြားရေးဌာန၏ သတင်းအရ သိရှိပါသည်။
ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့သည် တရုတ်-မြန်မာ နယ်စပ်ဒေသတွင်တည်ရှိကာ မြန်မာနိုင်ငံ မူဆယ်ဒေသနှင့် ဆက်စပ်လျက်ရှိပါသည်။ ကပ်ရောဂါထိန်းချုပ်ရေးကဏ္ဍသည် အရေးကြီးသည့်အတွက် မြန်မာနိုင်ငံ မူဆယ်ဒေသ၏ ကပ်ရောဂါထိန်းချုပ်ရေး ဖော်ဆောင်ခြင်း ကူညီထောက်ပံ့ရန်အတွက် ရွှေလီမြို့သည် မူဆယ်ဒေသအား ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေး ပစ္စည်းများကို အကြိမ်ကြိမ် လှူဒါန်းခဲ့ပါသည်။ မကြာသေးမီက ကူညီထောက်ပံ့ တည်ဆောက်ခဲ့သော မူဆယ်ဒေသ ကိုဗစ်-၁၉ ကပ်ရောဂါ ဆေးကုသကယ်ဆယ်ရေးစင်တာသည် အောက်တိုဘာလ ၁ ရက်နေ့က တရားဝင် စတင်ဖွင့်လှစ် သုံးစွဲခဲ့ပါသည်။
ထို့အတူ ရွှေလီမြို့သည် နယ်စပ်ဒေသ သုံးဖက်မြင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစနစ် တည်ဆောက်ရေးကို ဘက်ပေါင်းစုံမှ မြှင့်တင်လျက်ရှိနေပါသည်။ နယ်စပ်ဒေသတွင် လူသား၊ ပစ္စည်းနှင့် သိပ္ပံနည်းပညာဖြင့် ကာကွယ်ရေးအဆင့် မြှင့်တင်ကာ နယ်စပ်တရားမဝင် ရာဇဝတ်မှုကို ပြင်းထန်စွာ တိုက်ဖျက်လျက်ရှိပါသည်။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု အများအပြားကို ဆက်တိုက် ထောက်လှမ်းနေပါသည်။
ထို့အပြင် ရွှေလီမြို့သည် အင်အားစုစည်းကာ နယ်စပ်ဒေသအန္တရာယ် လေျှာ့ချရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကင်းမဲ့ဇုန်တည်ဆောက်ရေး၊ ပတ်ဝန်းကျင်ထိန်းချုပ်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးဆေးထိုးနှံရေးစသည့် “အထူးလုပ်ဆောင်ချက် ငါးရပ်”ကို ဖော်ဆောင်ခဲ့ပါသည်။ သတ်မှတ်အခြေအနေနှင့်ကိုက်ညီသော လုပ်ငန်းအဖွဲ့များအတွက် ငှားရမ်းခ တရုတ်ယွမ် သိန်း ၂၀၀ အား လျှော့ချရန် သို့မဟုတ် ကင်းလွတ်ခွင့်နှင့် နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းအဖွဲ့များအတွက် အထူးရန်ပုံငွေ တရုတ်ယွမ် ၈၇.၃ သန်းကျော်ကို ထုတ်ပေးခဲ့သည်။ ရွှေလီမြို့တစ်မြို့လုံး၏ လူမှုစီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေအနေများ ဖန်တီးပေးခဲ့သည်။