အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်မှ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သော ကိုဗစ်-၁၉ ကပ်ရောဂါ၏ နောက်ဆုံးစာရင်းဇယားများအရ အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၃ နာရီ ၂၁ မိနစ် (ပေကျင်းစံတော်ချိန် နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီ ၂၁ မိနစ်)တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု အရေအတွက်သည် ၅ သန်းကျော်လွန်ကာ ၅၀၀၀၄၂၅ ဦးထိ ရောက်ရှိလာပြီး ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ အရေအတွက်သည် ၂၄၆၇၂၁၉၂၉ ဦးထိ တိုးလာကြောင်း သိရပါသည်။
Johns Hopkins တက္ကသိုလ်မှ ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ထိ တစ်ကမ္ဘာလုံးတွင် သေဆုံးသူဦးရေ ၁ သန်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ သေဆုံးသူဦးရေ ၂ သန်း၊ ဧပြီလ ၁၇ရက်နေ့အထိ သေဆုံးသူဦးရေ ၃ သန်း၊ ဇူလိုင်လ ၇ ရက်နေ့အထိ သေဆုံးသူဦးရေ ၄ သန်းသို့ တိုးမြင့်ရောက်ရှိခဲ့ကြောင်း သိရပါသည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာနှင့် သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိတွင် စုစုပေါင်း ၄၅၉၇၀၈၈၁ ဦးနှင့် ၇၄၅၈၃၆ ဦး အသီးသီးရှိကြောင်း သိရပါသည်။ ရောဂါအတည်ပြုလူနာ များပြားသည့် နိုင်ငံများတွင် အိန္ဒိယ၊ ဘရာဇီး၊ ယူကေ၊ ရုရှား၊ တူရကီနှင့် ပြင်သစ်တို့ ပါဝင်ပြီး သေဆုံးမှု များပြားသည့် နိုင်ငံများသည် ဘရာဇီး၊ အိန္ဒိယ၊ မက္ကဆီကို၊ ရုရှားနှင့် ပီရူးတို့ ဖြစ်ကြောင်း သိရပါသည်။