RCEP သဘောတူစာချုပ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
RCEP ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ နိုဝင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာဆီယံအဖွဲ့ဝင် ခြောက်နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ နယူးဇီလန်နှင့် သြစတြေးလျ စသည့် အာဆီယံအဖွဲ့ဝင်မဟုတ်သော ၄ နိုင်ငံတို့သည် ခွင့်ပြုချက်စာကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ထံ တရားဝင် တင်ပြထားပြီး သဘောတူညီချက်၏ အသက်ဝင်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ သဘောတူစာချုပ်အရ RCEP သည် အထက်ဖော်ပြပါ ၁၀ နိုင်ငံအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်ကြောင်း သိရပါသည်။
RCEP ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံ ရှိသည်။ စုစုပေါင်းလူဦးရေ၊ စီးပွားရေးပမာဏနှင့် ကုန်သွယ်မှု စုစုပေါင်းသည် တစ်ကမ္ဘာလုံး၏ ၃၀% ခန့် ရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဇုန်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ သဘောတူစာချုပ်၏ အသက်ဝင်မှုသည် ဒေသတွင်း လွတ်လပ်သော ကုန်သွယ်မှုကို ပိုမိုမြှင့်တင်ရန်၊ စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို တည်ငြိမ်စေရန်၊ တရုတ်နိုင်ငံ၏ အဆင့်မြင့်ဖွင့်လှစ်မှုကို မြှင့်တင်ရန်အတွက် အလွန်အရေးကြီးပါသည်။