တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသည် နှစ်နိုင်ငံနှင့် ကမ္ဘာကြီးအား အားကောင်းသော အချက် ပေးနေ

2021-11-19 10:37:18 |သတင်းအရင်းအမြစ် CRI

ပီကင်းစံတော်ချိန် ဒီလ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့တဲ့ တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ ဗီဒီယို တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က လာမယ့် နှစ် ၅၀ အတွင်း နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးအကြီးဆုံး အကြောင်းကိစ္စဟာ တရုတ်နဲ့ အမေရိကန်တို့ မှန်ကန်တဲ့ အတူယှဉ်တွဲ နေထိုင်ရေး လမ်းကြောင်းကို ရှာတွေ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယနေ့ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုဟာ လမ်းဆုံလမ်းခွနေရာမှာ တည်ရှိ နေတယ်။ အဲဒီလို အခြေအနေမျိုးမှာ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များက ဗီဒီယို တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပပြီး နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေး ဦးတည်ချက်ကို ပြသခြင်းဟာ မှားယွင်းသော အကဲဖြတ်မှုများနဲ့ အထင်လွဲမှုများ ရှောင်ရှားရေးအတွက် အကျိုးရှိမှာ ဖြစ်ပြီး ကူးလူးဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်မှာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ အမေရိကန် သမ္မတ ဘိုင်ဒန်က အမေရိကန်-တရုတ် ဆက်ဆံမှု ပျက်စီးအောင် လုပ်လို့ မရကြောင်း၊ အမေရိကန် နိုင်ငံက တရုတ်နိုင်ငံရဲ့ စနစ်ကို ပြုပြင်ဖို့၊ မဟာမိတ်ဆက်ဆံမှုများကို တိုးမြှင့်ပြီး တရုတ်နိုင်ငံအား ဆန့်ကျင်ဖို့ ရှာကြံရန် ဆန္ဒ မရှိကြောင်း၊ တရုတ်ပြည်နဲ့ အငြင်းပွားမှု ဖြစ်ပွားဖို့ ဆန္ဒ မရှိကြောင်း၊ ထိုင်ဝမ် သီးခြား တည်ရှိရေးကို မထောက်ခံကြောင်း ဖေါ်ပြပါတယ်။ တရုတ်ပြည်ဘက်က အမေရိကန် အနေနဲ့ ပြောတဲ့အတိုင်း လုပ်ရမှာ ဖြစ်ပြီး အမေရိကန်ပြည်ဘက်က တရုတ်ပြည်သူများရဲ့ နိုင်ငံတကာ မိသားစုကြီးရဲ့ ယုံကြည်မှု ရရှိဖို့ လက်တွေ့ကျကျ ဆောင်ရွက်သင့်ကြောင်း ဖေါ်ပြပါတယ်။

ရှီကျင့်ဖိန်က တရုတ်နဲ့ အမေရိကန်တို့ဟာ ပင်လယ်သမုဒ္ဒရာထဲမှာ သင်္ဘောကြီး နှစ်စင်းလိုပဲ ဦးတည်ချက် မလွဲအောင်၊ မြန်နှုန်း မလျှော့အောင်၊ တိုက်မိမှု မဖြစ်အောင် ရေလှိုင်းကြီးများကို ရင်ဆိုင်ပြီး အတူ ချီတက်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။ အမေရိကန်အနေနဲ့ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲရဲ့ ရည်မှန်းချက် အကြောင်းအရာများကို လက်တွေ့ကျကျ ဖေါ်ဆောင်ဖို့၊ တရုတ်နိုင်ငံနဲ့ ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့၊ ကိုယ့်ပြည်တွင်းအကြောင်းကိစ္စများကို ကောင်းမွန် အောင် ဆောင်ရွက်တဲ့ တစ်ချိန်တည်းမှာ ထမ်းဆောင်သင့်တဲ့ နိုင်ငံတကာ တာဝန် ဝတ္တရားများကိုလည်း ထမ်းဆောင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်။ အဲဒါဟာ တရုတ်၊ အမေရိကန် နှစ်နိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများရဲ့ တူညီတဲ့ ဆန္ဒလည်း ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။(CRI Myanmar)