ဘင်္ဂလားဒေ့ရှ်နိုင်ငံက COVID-19 မျိုးဗီဇကွဲအသစ်ကြောင့် တောင်အာဖရိကနိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုအား ဆိုင်းငံ့

2021-11-29 10:42:47 |သတင်းအရင်းအမြစ် 新华网

COVID-19 မျိုးဗီဇကွဲအသစ် ပြန့်နှံ့မှု ဖြစ်ပွားနေစဉ်အတွင်း တောင်အာဖရိကနိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဝင်ဘာ ၂၇ ရက်တွင် ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးနှင့် မိသားစု လူမှုဘဝဖူလုံရေးဝန်ကြီး Zahid Maleque က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် တောင်အာဖရိကနိုင်ငံ၌ မျိုးဗီဇကွဲအသစ် ပြန့်နှံ့နေခြင်းကို သတိပြုမိကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

“တောင်အာဖရိကနိုင်ငံကနေ ခရီးသွားတွေ ဝင်ရောက်လာမှုကို ချက်ချင်းရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

အိုမီခရွန် (omicron)ဟု အမည်ပေးထားသည့် ယင်းမျိုးဗီဇကွဲအသစ်သည် ကူးစက်မှုအလွန် လျင်မြန်ပြင်းထန်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် ဆိပ်ကမ်းများအားလုံး၌ ရောဂါစစ်ဆေးရေးလုပ်ငန်းစဉ်များကို အားကောင်းအောင် ဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မကြာသေးမီလများအတွင်း ကာကွယ်ဆေးထိုးနှံမှု မြှင့်တင်ခဲ့ခြင်းကြောင့် COVID-19 ရောဂါကူးစက်သူနှင့် သေဆုံးသူ အရေအတွက်မှာ သိသိသာသာကျဆင်း သွားခဲ့ကြောင်း သိရသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံမှ အထောက်အပံ့များနှင့်အတူ ကာကွယ်ဆေး ထိုးနှံမှုကို စတင်ခဲ့သော်လည်း ဆေးဝါးထောက်ပံ့ပို့ဆောင်ရေးပြဿနာများ ဖြင့် လျင်လျင်မြန်မြန်ကြုံတွေ့ခဲ့ရသည်။ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးများ နှင့်အတူ ဇွန်လတွင် ကာကွယ်ဆေးထိုးနှံမှု လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုဝင်ဘာ ၂၇ ရက်တွင် COVID-19 လူနာသစ် ၁၅၅ ဦး နှင့် ထပ်မံသေဆုံးသူ ၂ ဦး ရှိခဲ့ပြီး ရောဂါဖြစ်ပွားသူပေါင်း ၁,၅၇၅,၅၇၉ ဦး နှင့် သေဆုံးသူပေါင်း ၂၇,၉၇၅ ဦး ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုများဦးစီးဌာန(DGHS)က သိရသည်။ (Xinhua)