COVID-19 UPDATESနိုင်ငံ အများအပြားတွင် ကပ်ရောဂါ အဖန်တလဲလဲဖြစ်ပွားနေခြင်းကြောင့် စီးပွားရေး ပြန်လည်ရှင်သန်ရန်အတွက် မသေချာမရေရာမှုများ ထပ်မံတိုးပွားလာ

2021-11-30 11:08:29 |သတင်းအရင်းအမြစ် 新华网

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီကရွန်း(omicron)ပေါ်ထွက်လာမှုက ဘက်ပေါင်းစုံ ရုတ်ရုတ်သဲသဲဖြစ်စေရာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ရှင်သန်းရေးအတွက် မသေချာမရေရာမှုအသစ်များ ထပ်တိုးစေခဲ့သည်။

ကိုဗစ်ကပ်ရောဂါ စသည့် အကြောင်းရင်း အထပ်ထပ်၏သက်ရောက်မှုများကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ဘဏ္ဍာရေးဈေးကွက် လှုပ်လှုပ်သဲသဲဖြစ်ခဲ့ကြောင်း သိရသည်။ ဥရောပတိုက် စတော့ဈေးကွက် တစ်လျှောက်လုံး ထိုးကျသွားခဲ့သလို စီးပွားရေးတိုးတက်မှုအပေါ် ဖိအားများနှင့် လောင်စာဆီလိုအပ်ချက်လျော့နည်းခြင်း၏ စိုးရိမ်မှုများကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပေးပို့မည့် လန်ဒန် Brent ရေနံစိမ်းဈေးနှုန်းနှင့် New York Mercantile Exchange၏ အပေါ့စားရေနံစိမ်း ဈေးနှုန်း များစွာ ကျဆင်းသွားပြီး ကြေးနီ၊ ချည်၊ ကော်ဖီနှင့်ပြောင်းဖူးအပါအဝင် ကုန်ပစ္စည်းအမျိုးအစားများစွာ ဈေးနှုန်းနှုန်းကျခဲ့သည်။

တောင်ဘက် အာဖရိကနိုင်ငံများ၏ လေကြောင်းနှင့်ခရီးသွားဝင်ရောက်မှုအပေါ် ဦးတည်သည့် ကန့်သတ်မှု နည်းလမ်းများကို နိုင်ငံနှင့်ဒေသအများအပြားက ဆက်တိုက်ထုတ်ပြန်ခြင်း သို့မဟုတ် ထုတ်ပြန်ရန် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သည် ၁၂ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို မူလက နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပမည့် အစီအစဉ်အား နောက်သို့ရွှေ့ဆိုင်းရန် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။

လက်ရှိ သန္ဓပြောင်းဗိုင်းရပ်စ်အသစ်၏ ကပ်ရောဂါအခြေအနေ တစ်ရပ်လုံးအပေါ်သက်ရောက်မှုက ရှင်းရှင်းလင်းလင်းမသိရသေးပေ။ သုံးသပ်သူအချို့က အကယ်၍ အိုမီကရွန်း(omicron) လျင်မြန်စွာ ပြန့်နှံ့ခဲ့ပါက ထောက်ပို့ရေးကွင်းဆက် အကျပ်အတည်းကို ပို၍ ဆိုးဝါးစေနိုင်ရာ ကပ်ရောဂါလှိုင်းသစ်တွင် ဘေးကျပ်နံကျပ်ဖြစ်နေသည့် ဥရောပစီးပွားရေးအတွက် ပြန်လည်ရှင်သန်ရန်အလားအလာ ပို၍ အချိုးအကွေ့အခက်အခဲများနိုင်ကြောင်း ယူဆကြသည်။

ကပ်ရောဂါ အဖန်တလဲလဲ ဖြစ်ပွားခြင်းသည် ဗြိတိန်၏ငွေကြေးမူဝါဒ အလားအလာကို အရိပ်မည်းကျစေနိုင်ကြောင်း ဗြိတိန် ပညာရှင်အဖွဲ့ အောက်စဖို့ဒ် စီးပွားရေးသုတေသနဌာနက ဆိုသည်။

သန္ဓေပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်ပြန့်ပွားမှုကြောင့် လက်ရှိ လုပ်သားအင်အားလိုအပ်မှုအခြေအနေ ပို၍ ဆိုးဝါးလာနိုင်မှုအပေါ် စိုးရိမ်ကြောင်း Capital Economics၏ စီးပွားရေးပညာရှင် Neil Shearingက ဆိုသည်။ ရေနံဈေးနှုန်းမြင့်မား ကျဆင်းမှုမရှိခြင်းကြောင့် အမေရိကန်နိုင်ငံသည် နိုင်ငံအများအပြားနှင့်ပူးတွဲ၍ သိုလှောင်ထားသည့် ရေနံစိမ်းများလွှတ်ပေးမည်ဟု ကြေညာခဲ့သော်လည်း ဈေးကွက်အခြေအနေ ပြောင်းလဲမှုမရှိသေး၊ ရေနံတင်ပို့သော နိုင်ငံများအသင်း(OPEC)က အနာဂတ်တွင် လစဉ်ထုတ်လုပ်မှုအစီအစဉ်အား တိုးမြှင့်ဆောင်ရွက်ရန် ရှိမရှိနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အခြေအနေအပြောင်းအလဲများက ဈေးကွက်လူပုဂ္ဂိုလ်များအတွက် အကျပ်အတည်းဖြစ်စေသလို ရေနံတင်ပို့သော နိုင်ငံများ အသင်း(OPEC)၏ မူဝါဒဆုံးဖြတ်မှုအတွက် စမ်းသပ်မှုအသစ်ဖြစ်စေသည်။

သန္ဓေပြောင်း အိုမီကရွန်း(omicron)ဗိုင်းရပ်စ် ဖြစ်နိုင်ခြေရှိသည့် ခြိမ်းခြောက်မှုများက နိုင်ငံအများအပြားရှိ ဗဟိုဘဏ်များ၏ အတိုးနှုန်းထပ်တိုးအစီအစဉ်ကို အခြေအနေများ ပို၍ရှင်းရှင်းလင်းလင်းဖြစ်လာသည်အထိ ရွှေ့ဆိုင်းရန် စဉ်းစားမှုဖြစ်စေနိုင်သည်ဟု သုံးသပ်သူအချို့က စိုးရိမ်လျက်ရှိကြောင်း သိရသည်။ (Xinhua)