တရုတ်သုတေသီများက ဇီကာဗိုင်းရပ်စ်ကူးစပ်မှုကို တားဆီးထိန်းချုပ်မည့် ကုထုံးသစ်များကို ရှာဖွေတွေ့ရှိ

2021-12-01 10:20:12 |သတင်းအရင်းအမြစ် 新华网

နန်ကျင်းတက္ကသိုလ် ပါမောက္ခ Wu Zhiwei ဦးဆောင်သော သုတေသီအဖွဲ့သည် Extracellular vesicle နည်းပညာကို အသုံးပြုကာ ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးထိန်းချုပ်သည့် ဆေးဝါးပို့ဆောင်မှု နည်းလမ်းသစ်ကို တီထွင်နိုင်ခဲ့ကြောင်း၊ ဆက်စပ်ရလဒ်များကို မကြာသေးမီက နိုင်ငံတကာ ပညာရပ်ဂျာနယ် “Molecular Therapy” တွင် ထုတ်ဝေခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဇီကာဗိုင်းရပ်စ်သည် တောင်အမေရိက၊ အရှေ့တောင်အာရှ စသည့်ဒေသများတွင် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဗိုင်းရပ်စ်သည် ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်နိုင်ကြောင်း၊ ကိုယ်ဝန်ဆောင်နေစဉ် ဇီကာဗိုင်းရပ်စ် ကူးစပ်ပါက သန္ဓေသားတွင် microcephaly နှင့် Guillain Bar ရောဂါလက္ခဏာ ဖြစ်ပွားနိုင်ကြောင်း၊ လက်ရှိတွင် ဇီကာဗိုင်းရပ်စ် ကူးစပ်မှုအတွက် အတည်ပြုထားသော ကာကွယ်ဆေးနှင့် ကုထုံးများ မရှိသေးကြောင်း သုတေသီအဖွဲ့ဝင် နန်ကျင်းတက္ကသိုလ် ပါရဂူကျောင်းသား Zhang Rui ကဆိုသည်။

အချဉ်း၏ ထူးခြားသောဖွဲ့စည်းပုံသည် ‘ အချဉ်းအတားအဆီး’ ဖြစ်စေနိုင်ပြီး သန္ဓေသားခန္ဓာကိုယ် အတွင်းသို့ ဆေးဝါးများဝင်ရောက်ရန် ခက်ခဲစေကြာင်း၊ ၎င်းသည် သုတေသနလုပ်ငန်းစဉ်တွင် ခက်ခဲသောအချက်ဖြစ်ကြောင်း Zhang Rui က ပြောသည်။

သုတေသီများသည် ဗိုင်းရပ်စ်ထိန်းချုပ်နိုင်သည့် သေးငယ်သော မော်လီကျူးများကို Extracellular vesicle များမှတစ်ဆင့် ခန္တာကိုယ်အတွင်းသို့ ပို့ဆောင်ကာ ဇီကာဗိုင်းရပ်စ်ကူးစပ်မှုကို တားဆီးထိန်းချုပ်နိုင်ကြောင်း၊ စမ်းသပ်မှုတွင် သုတေသီများသည် ကိုယ်ဝန်ဆောင်မိခင်ကြွက်ခန္ဓာကိုယ်ထဲသို့ ထိုExtracellular vesicleများ ထိုးသွင်းပြီး ၎င်းတို့သည် အချဉ်းအတားအဆီးနှင့် သွေးဦးနှောက်အတားအဆီးတို့ကို ထိုးဖောက်ဝင်ရောက်နိုင်ကာ သန္ဓေသားကြွက်သားလောင်းများ၏ ဦးနှောက်အာရုံကြောဆဲလ်များဆီသို့ ရောက်ရှိနိုင်သည်ကို တွေ့ရှိခဲ့ကြောင်း Wu Zhiwei ကပြောကြားသည်။

သုတေသီများသည် ကိုယ်ဝန်ဆောင်ကြွက်များကို ဇီကာဗိုင်းရပ်စ် ကူးစက်စေပြီး ၎င်းတို့အား Extracellular vesicle ကုသမှုနည်းအသစ်ဖြင့် ကုသခဲ့ရာ ကြွက် သားပေါက်များတွင် ဦးခေါင်းထိခိုက်မှုနှင့် ဦးခေါင်းသေးငယ်ခြင်း လက္ခဏာများ သိသာထင်ရှားစွာ သက်သာကြောင်း၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အာရုံကြောပျက်စီးမှုနှင့် ယောင်ရမ်းမှုများလည်း လျော့ပါးခဲ့ကြောင်း သိရသည်။
ယင်း Extracellular vesicle သည် ဦးနှောက်အာရုံကြောများကို တိကျစွာခွဲခြားသိရှိနိုင်ကြောင်း၊ဆေးဝါးအပြည့်အဝ ရရှိနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကို လျှော့ချနိုင်ကြောင်း၊ ၎င်းသည်သန္ဓေသားဖွံ့ဖြိုးမှုအတွက် အရေးကြီးကြောင်း၊ အနာဂတ်တွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ဤဆေးဝါးပို့ဆောင်မှု ယန္တရားသည် ကုထုံးအသစ်တစ်ခုအဖြစ် ပြောင်းလဲလာရန် မျှော်လင့်ကြောင်း Wu Zhiwei က ပြောကြားသည်။(Xinhua)