တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

2021-12-24 15:21:56 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz နှင့် ဒီဇင်ဘာ ၂၁ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် Olaf Scholz အနေဖြင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်ဖြစ်လာသည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သမ္မတ ရှီကျင့်ဖိန်က ထပ်တစ်ဖန်ပြောကြားခဲ့သည်။


သမ္မတရှီက တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဂျာမနီဆက်ဆံရေးကို အထူးအလေးထားကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ယခုနှစ်ပိုင်းများတွင် တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု၏”ရှေ့ဆောင်” အစဉ်အမြဲဖြစ်နေကြောင်း၊ ၎င်းမှာ ခေတ်ရေစီးကြောင်းနှင့်လိုက်လျောညီထွေမှု ရှိသည့် နှစ်နိုင်ငံ၏မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း ဆိုသည်။
လာမည့်နှစ်သည် တရုတ်-ဂျာမနီ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ပြည့်အထိမ်းအမှတ်နှစ် ဖြစ်ရာ ပြီးခဲ့သည် ရာစုနှစ်တစ်ဝက်ကျော်ကို ပြန်ပြောင်းကြည့်မည်ဆိုပါက နှစ်နိုင်ငံ ဆက်ဆံရေးတွင် ပြည့်ဝသည့် တက်ကြွလှုပ်ရှားမှု၊ ခံနိုင်ရည်နှင့်အလားအလာရှိမှုများကို ပြသခဲ့ပြီးဖြစ်ရာ အနာဂတ် နှစ် ၅၀ ကြာကာလတွင်လည်း နှစ်နိုင်ငံအနေဖြင့် ကမ္ဘာသို့ အာရုံပြု၍ ရေရှည်ကို မျှော်မှန်းသည့် တိုးတက်ဖွံ့ဖြိုးမှုများကို ချဲ့ထွင်ဆောင်ရွက်သွားကာ တရုတ်-ဂျာမနီဆက်ဆံရေး ဖွံ့ဖြိုးမှုအသစ်အား အကောင်အထည်ဖော်ရန် ကြိုးပမ်းသင့်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင်-


(၁) မဟာဗျူဟာအမြင့်မှ နှစ်နိုင်ငံဆက်ဆံရေး၏ ဦးတည်ချက်အား ခိုင်မာစွာ ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်-ဂျာမနီ နှစ်နိုင်ငံစလုံးသည် ဩဇာကြီးမားသည့် နိုင်ငံကြီးများဖြစ်ကြရာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းသည် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်လျော်ညီသလို ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ၊ နှစ်ဖက်စလုံးက တစ်ဖက်၏ဖွံ့ဖြိုးတိုးတက်မှုကို အခွင့်အလမ်းအဖြစ် ရှုမြင်ရမည်ဖြစ်ပြီး အဆင့်မြင့်ဦးဆောင်မှုရှိသော ကောင်းမွန်သည့်အစဉ်အလာကို ထိန်းသိမ်းကာ တရုတ်-ဂျာမနီ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအား ဦးတည်ချက်ထား ရှေ့သို့လျှောက်လှမ်းခရီးနှင်ရမည်ဖြစ်ကြောင်း ၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပူးပေါင်းဆောင်ရွက်ရေး ယန္တရား၏အခန်းကဏ္ဍကို ကောင်းမွန်စွာ အသုံးချရမည်ဖြစ်ရာ အထူးသဖြင့် တရုတ်-ဂျာမနီ အစိုးရချင်းတွေ့ဆုံဆွေးနွေးမှု ယန္တရားကို ကောင်းမွန်စွာ ဆောင်ရွက်ကာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအား တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ကာ လာမည့်နှစ် သံတမန်ဆက်ဆံရေးထူထောင်းခြင်း နှစ် ၅၀ အထိမ်းအမှတ်လှုပ်ရှားမှုအစီအစဉ်များ အတူကောင်းမွန်စွာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း


(၂) လက်တွေ့ကျသည့်သဘောထားဖြင့် နှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့်ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစွာ အပြုသဘောဆောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ၊ တရုတ်-ဂျာမနီ နှစ်နိုင်ငံ စီးပွားရေးသည် တစ်ဖက်၏တိုးတက်မှုမှ အကျိုးများစွာ ဖြစ်ထွန်းခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် ၅ နှစ်ဆက်တိုက် ဂျာမနီ၏ အကြီးဆုံးမိတ်ဖက်ဖြစ်ရာ နှစ်ဖက်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ကိုဗစ်ကပ်ရောဂါဖိအားကို တွန်းလှန်၍ တိုးတက်မှုကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ၊ နှစ်ဖက်အနေဖြင့် စွမ်းအင်သစ်၊ အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်ကို ဖွင့်လှစ်၍ ဝန်ဆောင်မှုကုန်သွယ်ရေးတိုးတက်မှုအလားအလာ ပွင့်လင်းလာအောင် တက်ကြွစွာဆောင်ရွက်သင့်ကြောင်း ၊ ဂျာမနီကုမ္ပဏီလုပ်ငန်းများအနေဖြင့် အားသာချက်ကို အသုံးချ၍ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုက ဆောင်ကြဉ်းပေးသော ဖွံ့ဖြိုးရေးအခွင့်အလမ်းသစ်များကို အမိအရ ဆောင်ရွက်နိုင်ဖို့ ကြိုဆိုသလို ဂျာမနီနိုင်ငံအနေဖြင့်လည်း တရုတ်ကုမ္ပဏီလုပ်ငန်းများ ဂျာမနီ၌ ရင်းနှီးမြှုပ်နှံလုပ်ငန်းဆောင်ရွက်ရန် မျှတသည်စီးပွားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ၊ ဂျာမနီသည် တရုတ်-ဥရောပ ရထား၏ အရေးကြီးသည့် ချိတ်ဆက်မှုဖြစ်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ”မူဘောင်အောက်၌ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ခြင်းသည် လမ်းကြောင်းတစ်လျှောက်နိုင်ငံများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သလို အာရှ-ဥရောပ ကုန်းမြေချိတ်ဆက်မှုအတွက် တွန်းအားဖြစ်စေမည် ဖြစ်ကြောင်း


(၃) စိန်ခေါ်မှုများကို ခိုင်မာစွာ လက်တွဲရင်ဆိုင်ကာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုများအတွက် အကျိုးသစ်ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း၊ တရုတ်-ဂျာမနီ နှစ်နိုင်ငံစလုံးသည် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒ၏ ထိန်းသိမ်းကာကွယ်သူ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၏ အကျိုးဆောင်သူများ ဖြစ်ကြရာ နိုင်ငံတကာရေးကိစ္စရပ်များတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့သင့်ကြောင်း၊ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေး ၊ကာကွယ်ဆေး မျှတစွာ ဝေငှမှုအား မြှင့်တင်ရေး၊ တစ်ကမ္ဘာလုံး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ကပ်ရောအလွန်ကာလ ပြန်လည်ရှင်သန်ရေးအား တွန်းအားပေးရေး၊ ဥတုရာသီပြောင်းလဲမှုအား ရင်ဆိုင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစသည့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာတူအကျိုးတူရှိသည် ကိစ္စရပ်များတွင် လက်တွေ့ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုဖြင့် ဒေသရေးရာဂရုပြုပြဿနာများအား အဖြေရှာရမည်ဖြစ်ရာ နိုင်ငံတကာ ဆက်ဆံရေး ဒီမိုကရေးမူအား ခိုင်မာစွာ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပြီး ဗိုလ်ကျစိုးမိုးမှုလုပ်ဆောင်ချက်နှင့် စစ်အေးခေတ်အတွေးအခေါ်များအား ခိုင်မာစွာ ဆန့်ကျင်ရမည် ဖြစ်ကြောင်း ၊ နိုင်ငံအသီးသီး အတူဖွံ့ဖြိုးတိုးတက်မှသာ စစ်မှန်သည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း၊ ကုလသမဂ္ဂ ၂၀၃၀ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို တရုတ်နိုင်ငံက ဂျာမနီနှင့်အတူ လက်တွဲ တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။


သမ္မတရှီကျင့်ဖိန်က တရုတ်-ဥရောပသည် ကမ္ဘာတွင် သီးခြားလွတ်လပ်သည့် အင်အားနှစ်ရပ် ဖြစ်ရာ မဟာဗျူဟာ သဘောတူညီမှုနှင့်ဘုံအကျိုးစီးပွား ကျယ်ပြန့်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ရပ်တည်ချက်ကို ခိုင်မာ ထားရှိကာ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်း မူဝါဒဖြင့် တရုတ်-ဥရောပ ဆက်ဆံရေး တည်ငြိမ် ကောင်းမွန်တိုးတက်အောင် အာမခံပြုရမည် ဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်-ဥရောပဆက်ဆံရေး တည်ငြိမ်မှုရှိအောင် အပြုသဘော ဆက်လက်ဆောင်ရွက်သွားကာ တရုတ်-ဥရောပဆက်ဆံရေးအတွက် တည်ငြိမ်သည့်အပြုသောစွမ်းအင်အား ဆက်လောင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။


ဂျာမနီ ဝန်ကြီးချုပ် Olaf Scholzက မိမိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့လာသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။


ယခင်က မိမိတို့အကြားအသွားအလာများရှိရာ ယခုထိတိုင်အမှတ်ရလျက်ရှိပါကြောင်း၊ ဂျာမနီ-တရုတ် ချစ်ကြည်ရင်းနှီးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ဆိုသည်။


လက်ရှိ ဂျာမနီ-တရုတ် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုရှိသလို ဥတုရာသီပြောင်းလဲမှုနှင့် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးစသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နီးကပ်သည့်ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း၊ အာဖဂန်၊အီရန် စသည့် ဒေသရေးရာကိစ္စရပ်များ၏ ဆွေးနွေးခြင်းသည် နီးကပ်မှုရှိနေကြောင်း ၊ ထိုဆောင်ရွက်ချက်များသည် ဂျာမနီ-တရုတ် ဆက်ဆံမှု ဖွံ့ဖြိုးတိုးက်ရေး၏ ထောက်တိုင် သုံးခု ဖြစ်စေခဲ့ကြောင်း Olaf Scholzက ဆိုသည်။


ဂျာမနီနိုင်ငံသည် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုကို အခြေခံသည့်စိတ်ဓါတ်ဖြင့် တရုတ်နိုင်ငံနှင့်အတူ ဂျာမနီ-တရုတ် ဘက်စုံထောင့်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး ဖွံ့ဖြိုးအောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ လာမည့်နှစ် ဂျာမနီ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့် အချိန်အခါတွင် နှစ်နိုင်ငံအစိုးရတွေ့ဆုံဆွေးနွေးမှုအသစ်များ ကောင်းမွန်စွာ ကျင်းပသွားမည်ဖြစ်ပြီး သန့်စင်စွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဝန်ဆောင်မှုလုပ်ငန်းစသည့် ကဏ္ဍများ၏လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ဥရောပ-တရုတ် ဆက်ဆံရေး တိုးတက်အောင် အပြုသဘော တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊ ဥရောပ-တရုတ် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် စောလျဉ်းစွာ အကျုံးဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်းနှင့် နိုင်ငံတရာရေးရာကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒအား ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။


အဆိုပါ ဆက်သွယ်ဆွေးနွေးမှုတွင် နှစ်ဖက်ခေါင်းဆောင်များအကြား နှစ်သစ်နှုတ်ခွန်းဆက်စကားများ အပြန်အလှန်ပြောကြားခဲ့ပြီး အမြဲတွေ့ဆုံဆွေးနွေးမှုထားရှိလိုကြောင်းနှင့် တရုတ်-ဂျာမနီ၊ တရုတ်-ဥရောပဆက်ဆံရေး ကဏ္ဍသစ် လျှောက်လှမ်းနိုင်ရန် အတူကြိုပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua)