နှစ်ပေါင်း ၄၀ တွင် တရုတ်နိုင်ငံ ရှမန်အထူးစီးပွားရေးဇုန်ဖွင့်လှစ်လိုက်သည့် ကဏ္ဍသစ်

2021-12-24 18:26:54 |သတင်းအရင်းအမြစ် 新华网

ရှမန် အထူးစီးပွားရေးဇုန် (SEZ) တည်ထောင်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် အင်္ဂါနေ့က ကျင်းပခဲ့သည်။


ရှမန် အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံ၏ ပထမအသုတ် စီပွားရေးဇုန်ကြီး ၄ ခုတွင် ပါဝင်ပြီး တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်ဝါဒ၊ ရေလက်ကြားဖြတ်ကျော် ပူးပေါင်းဖလှယ်ဆောင်ရွက်ရေးကို မြှင့်တင်သည့် ရှေ့ပြေးဧရိယာဖြစ်သည်။ယခုနှစ်ပိုင်းများတွင် တံခါးဖွင့်မူဝါဒများ အရှိန်အဟုန်မြှင့် ကျင့်သုံးလာခြင်းနှင့်အတူ ထိုင်ဝမ်ရေလက်ကြားတစ်ဖက် ထိုင်ဝမ်အား မျက်နှာမူထားသော ရှမန်သည် တံခါးဖွင့်ဝါဒနှင့် အရည်အသွေးမြင့်ဖွံဖြိုးတိုးတက်ရေးကဏ္ဍသစ်ကို ဖွင့်လှစ်လျှောက်လှမ်းနေပြီဖြစ်သည်။

ရှမန်သည် ပြီးခဲ့သော ဆယ်စုနှစ်များက ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်စနစ်ကျင့်သုံးမှုတွင် ဖွံ့ဖြိုးတိုးတက်ရေးအရှိန်အဟုန်ကို ရှာဖွေလျက်ရှိသည်။၁၉၈၀ ပြည့်နှစ် အောက်တိုဘာတွင် တရုတ်နိုင်ငံတော်ကောင်စီ သို့မဟုတ် အစိုးရအဖွဲ့က ရှမန်တွင် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် အတည်ပြုခဲ့သည်။ ထိုသို့အတည်ပြုပြီးနောက်တစ်နှစ်တွင် တည်ဆောက်မှုများ တရားဝင်စတင်ခဲ့သလို နောက်ပိုင်းတွင် တိုးချဲ့တည်ဆောက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ ယခုအခါ ၎င်းစီးပွားရေးဇုန်သည် ရှမန်တစ်မြို့လုံးကို လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်သည်။

မူဝါဒများများစွာ ထုတ်ပြန်ကာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးနောက် ရှမန်သည် ကမ္ဘာ့စီးပွားရေးစနစ်တွင် ပေါင်းစည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကြားမှ Fortune Global 500 ကုမ္ပဏီလုပ်ငန်းအမြောက်အများကို ဆွဲဆောင်နိုင်ခဲ့ပြီး ဘက်ပေါင်းစုံ၊အလွှာစုံ အခင်းအကျင်းပုံစံကို ဖော်ဆောင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်မကုန်မီ Fortune Global 500 ၏ ကုမ္ပဏီလုပ်ငန်း ၆၃ ခုသည် ရှမန်တွင် ရင်းနှီးမြုပ်နှံမှု စီမံကိန်း ၁၁၄ ခု ရှိပြီး လက်တွေ့အသုံးပြုသည့် ပြည်ပရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃.၆၃ ဘီလီယံရှိကြောင်း ရှမန် မြူနီစပယ် စာရင်းအင်းဌာနက ဆိုသည်။

ရှမန်၏ နိုင်ငံခြားကုန်သွယ်ရေးသည် ၁၉၈၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၁၄၁ သန်း ရှိရာမှ ၂၀၂၀ပြည့်နှစ်တွင် ယွမ်ငွေ ၆၉၁.၆ ဘီလီယံ(ကန်ဒေါ်လာ ၁၀၈.၆ ဘီလီယံခန့်) တိုးတက်လာရာ နှစ်စဉ် ပျမ်းမျှ ၁၈ ရာခိုင်နှုန်းဖြင့် မြှင့်တက်လာခြင်း ဖြစ်ကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။ ၎င်း၏ အသုံးချနိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ၁၉၈၃ ခုနှစ်က အမေရိကန်ဒေါ်လာ ၈ သန်းမှ ၂၀၂၀ပြည့်နှစ်တွင် ယွမ် ၁၆.၆ ဘီလီယံအထိ မြင့်တက်ခဲ့ရာ နှစ်စဉ် ပျမ်းမျှ ၁၆.၉ ရာခိုင်နှုန်းဖြင့် တိုးတက်လာခြင်းဖြစ်သည်။

ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ရှမန်၏ နိုင်ငံခြားကုန်သွယ်ရေးသည် ယွမ် ၈၁၄.၂ ဘီလီယံ အထိရောက်ရှိခဲ့ရာ ပြီးခဲ့သည်နှစ်ကထက် ၂၉.၃ ရာခိုင်နှုန်းတိုးမြှင့်လာခြင်းဖြစ်ပြီး ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက်များက အာဆီယံ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများ ဖြစ်ကြောင်း ရှမန်အကောက်ခွန်အာဏာပိုင်များ၏ စာရင်းအင်းများအရ သိရသည်။

“ရှမန်မှာက မူဝါဒနဲ့အခွင့်အလမ်းရှိတယ်။ဒီလို စီးပွားရေးလုပ်ဆောင်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်က ဒီမှာ ထပ်တိုးရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ အားပေးမှုပါပဲ” ဟု ABB Electrification China၏ ဥက္ကဋ္ဌဖြစ်သူ James Zhaoက ဆိုသည်။

နှစ်ပေါင်း ၄၀ ကြာကာလ ရှမန်၏ စီးပွားရေးနှစ်စဉ်တိုးတက်မှုသည် ၁၅ ရာခိုင်နှုန်းရှိပြီး၊ ၂၀၂၀ပြည့်နှစ်တွင် ရှမန်၏ ပြည်တွင်းအသားတင်ထုတ်ကုန်သည် ယွမ် ၆၃၈.၄ ဘီလီယံ၊ တစ်ဦးချင်း GDP သည် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများသည် ယင်းမြို့ရှိ စက်မှုလုပ်ငန်းထွက်ကုန်၏ ၇၀ ရာခိုင်နှုန်းခန့် ရှိပြီး စီပွားရေးတိုးတက်မှု ၆၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြားကုန်သွယ်ရေး ၄၀ ရာခိုင်နှုန်းရှိသည်။

၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံ (ဖူကျန့်) လွတ်လပ်သောကုန်သွယ်ရေးဇုန် ရှမန်ဧရိယာနှင့် ရှမန်၏ တရုတ်-ဥရောပ ကုန်ရထားဝန်ဆောင်မှု စတင်ပြီးနောက် ယင်းမြို့၏ တံခါးဖွင့်ဝါဒအရှိန်အဟုန်က တိုးမြင့်လာခဲ့သည်။

ဖူကျန့် လွတ်လပ်သောကုန်သွယ်ရေးဇုန် ရှမန်ဧရိယာတွင် ဆန်းသစ်တီထွင်မှု အစီအမံ ၅၀၀ နီးပါးကို ထုတ်ပြန်ထားကြောင်း ရှမန်ဧရိယာ စီမံခန့်ခွဲရေးကော်မတီဝင် Dai Bin က ပြောသည်။

ယခုအချိန်ထိ လေကြောင်း ပြုပြင်ထိန်းသိမ်းရေးကုမ္ပဏီ ၁၀ခုကျော်သည် ရှမန်တွင် အခြေစိုက်ထားခြင်းဖြစ်ပြီး ယင်းနယ်ပယ်တွင် ၎င်းတို့၏ ထုတ်လုပ်မှုတန်ဖိုးသည် တစ်နိုင်ငံလုံး၏ လေးပုံတစ်ပုံရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ်က ၉ ကြိမ်မြောက် BRICS ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ရှမန်မြို့သည် BRICS နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုကိုလည်း မပြတ်အားဖြည့်ဆောင်ရွက်ခဲ့ရာ BRICS မိတ်ဖက်နိုင်ငံများ စက်မှုတော်လှန်ရေး ဆန်းသစ်တီထွင်မှု စင်တာအသစ်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ရှမန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ရှမန်၏ ပိုးလမ်းမ သင်္ဘောဖြင့်ပို့ဆောင်ရေးဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာ ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်နိုင်ငံများရှိ ဒါဇင်နှင့်ချီသော ဆိပ်ကမ်း၊ သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပို့ဝန်ဆောင်မှုလုပ်ငန်းများက ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပူးတွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၃ နှစ်အကြာတွင် ပိုးလမ်းမ သင်္ဘောဖြင့်ပို့ဆောင်ရေးဝန်ဆောင်မှု အဖွဲ့ဝင် ၂၀၀ ကျော်ရှိခဲ့ရာ လက်ရှိတွင် လမ်းကြောင်း ၈၆ ခုဖြင့် နိုင်ငံပေါင်း ၂၉ နိုင်ငံက ဆိပ်ကမ်းပေါင်း ၁၀၂ ခုသို့ သွားလာနိုင်နေပြီဖြစ်ကြောင်း Fujian Silk Road Maritime Management Company၏ လက်ထောက်အထွေထွေမန်နေဂျာ Li Nanက ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့်အနီးဆုံးဖြစ်သည့် ပြည်မကြီးမြို့များအနက် တစ်ခုဖြစ်သော ရှမန်သည် ရေလက်ကြားဖြတ်ကျော် ကူးလူးဖလှယ်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ အချက်အချာတစ်ခုဖြစ်သည်။

ရှမန်သည် ရေလက်ကြားဖြတ်ကျော် ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေး သရုပ်ပြဇုန်အဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ထိုင်ဝမ်မွေးချင်းများနှင့်စီးပွားရေးလုပ်ငန်းရှင်များ ပြည်မကြီးသို့လာရောက်ရန် ပထမဆုံးရွေးချယ်သည့်နေရာ ဖြစ်လာမည်ဖြစ်ကြောင်း ရှမန်မြို့ရှိ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုဒေသရေးရာရုံး အကြီးအကဲ Liu Jinzhuက ဆိုသည်။

“၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမ မဟာဗျူဟာအချက်အချာတည်ဆောက်မှုအား ထဲထဲဝင်ဝင်ဆောင်ရွက်နေပြီး ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု (RCEP) နှင့် ချိတ်ဆက်မှုက ရှမန်၏ အဆင့်မြင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်းအတွက် လမ်းညွှန်မှုပေးပါလိမ့်မယ်” ဟု Fujian Normal University စီးပွားရေးဌာန ပါမောက္ခ Huang Maoxing က ဆိုသည်။ (Xinhua)