မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် ကျောက်စိမ်းတွင်းမြေပြိုကျမှုကြောင့် အနည်းဆုံး လူ(၃)ဦးသေဆုံးခဲ့ကြောင်း ဒီဇင်ဘာလ(၂၃)ရက်နေ့က မြန်မာနိုင်ငံမီးသတ်ဌာန၏ ပြောကြားချက်အရ သိရသည်။
အဆိုပါနေ့ နံနက်ပိုင်းအထိ ရုပ်အလောင်း(၃)ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး အမျိုးသားများဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ် ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဒေသစံတော်ချိန် ဒီဇင်ဘာလ(၂၂)ရက်နေ့ နံနက်အစောပိုင်းတွင် ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွင် မြေစာပုံပြိုကျခဲ့ပြီးနောက် လူ(၈၀)ကျော် ပျောက်ဆုံးခဲ့သည်ဟု မျက်မြင်များကပြောသည်။ လူ(၁၀၀)ခန့် မြေမြှုပ်ခံရသော်လည်း ပျောက်ဆုံးသူအရေအတွက် အတိအကျ မသိရှိရသေး ဟုဒေသတွင်းရဲတပ်ဖွဲ့မှပြောသည်။ ဖားကန့်ဒေသသည် မြန်မာနိုင်ငံ၏ ကျောက်စိမ်းအဓိကထွက်နေရာ ဖြစ်ပါသည်။ ကျောက်စိမ်းတူးဖော်ရာမှ ဖြစ်ပေါ်လာသော မြေစာပုံများ ပြိုကျမှုကြောင့် လူထိခိုက်သေဆုံးမှုသည် အမြဲဖြစ်ပေါ်နေလျက်ရှိသည်။ (၂၀၁၅)ခုနှစ် နိုဝင်ဘာလတွင် မြေစာပုံပြိုကျခြင်းကြောင့် လူပေါင်း(၁၁၀)ကျော်ခန့် သေဆုံးခဲ့ပြီး (၂၀၂၀)ခုနှစ် ဇူလိုင်လတွင်ဖြစ်ပေါ်ခဲ့သည့် မြေစာပုံပြိုကျခြင်းကြောင့် လူပေါင်း(၁၇၀)ကျော်ခန့် သေဆုံးခဲ့ကြောင်း သိရပါသည်။