ယခုရက်ပိုင်း တရုတ်နိုင်ငံ ကျမ်းစူပြည်နယ် ဝူရှီမြို့တွင် အရွယ်ရောက်သောမိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ ထိုးနှံပေးနေပါသည်။ အလယ်တန်းဒုတိယနှစ် တက်ရောက်နေသည့် မိန်းကလေးဦးရေတစ်သောင်းကို ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်သည်။
စစ်တမ်းများအရ အမျိုးသမီး(၈၀%)နှင့်အထက်သည် တစ်သက်တာကာလအတွင်း Human Papiloma virus (HPV ဗိုင်းရပ်စ်) ကိုအနည်းဆုံးတစ်ကြိမ်ကူးစက်ခံရဖူးပါသည်။ သားအိမ်ခေါင်းကင်ဆာသည် ကြိုတင်ကာကွယ်နိုင်သည့် ကင်ဆာရောဂါတစ်မျိုး ဖြစ်ပါသည်။ ရောဂါဖြစ်ပွားမှုအစောပိုင်းကာလတွင် ရောဂါဖြစ်ပွားနေမှုကို သိရှိပါက (၉၀%)သောရောဂါဝေဒနာရှင်များသည် ရေရှည် ရောဂါပျောက်ကင်း နိုင်ချေရှိသည်။ ကာကွယ်ဆေးထိုးနှံခြင်းသည် HPV ဗိုင်းရပ်စ်ကူးစက်မှုကို ကြိုတင် ကာကွယ်နိုင်သည့် ထိရောက်သောနည်းလမ်းတစ်ခု ဖြစ်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများသည် အပျိုဘော်ဝင်စအရွယ် အသက်(၉)နှစ်မှ အသက်(၁၄)နှစ်အရွယ်အတွင်း HPV ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် အသင့်တော်ဆုံးသော အသက်အရွယ်ဖြစ်ကြောင်း တိုက်တွန်းထားပါသည်။ တရုတ်နိုင်ငံတော်ကျန်းမာရေးကော်မတီသည် မိမိနိုင်ငံ၏အခြေအနေကို အခြေခံ၍ အသက်(၁၃)နှစ်မှ (၁၅)နှစ်အရွယ်မိန်းကလေးများ HPV ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးရန် တိုက်တွန်းအကြံပြုထားပါသည်။
ယခုနှစ်တွင် အသက်အရွယ်ရောက်သောအမျိုးသမီးများကို HPV ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခြင်း စီမံကိန်းကို တရုတ်နိုင်ငံအတွင်းရှိ မြို့နယ်ဒေသအသီးသီးမှ အကောင်အထည်ဖော်ဆောင်နေပြီဖြစ်သည်။ မွန်ဂို အော့အော်တော်စီ၊ စန်တုံပြည်နယ်ကျီနန်မြို့၊ ဖူကျင်ပြည်နယ်ရှမိန်မြို့ စသည့်မြို့အသီးသီးတွင် HPV ဗိုင်းရပ်စ် ကာကွယ်ဆေးအခမဲ့ထိုးနှံခြင်း သို့မဟုတ် ကာကွယ်ဆေးထောက်ပံ့ခြင်းစီမံကိန်းကို စတင်နေပြီ ဖြစ်သည်။