တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ နှစ်သိန်းစာ လှူဒါန်းပေးအပ်

2021-12-29 18:55:18 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ရေ နှစ်သိန်းစာ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်းပမာဏသည် သန်း ၄၀ ရှိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။

Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ရေ နှစ်သိန်း လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူးကြီး Ms. Li Xiaoyan က ကာကွယ်ဆေးကို ဒီဇင်ဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ပို့ဆောင်ရောက်ရှိခဲ့ပြီး ထိုအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နှစ်ဦးနှစ်ဖက်ကလူပုဂ္ဂိုလ်များအား လေးနက်စွာကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏အရေးကြီးအိမ်နီးချင်းနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်နှင့် ကံကြမ္မာတူအသိုက်အဝန်းစိတ်ဓာတ်သည် စဉ်ဆက်မပြတ်ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရာတွင် အဆက်မပြတ်ထင်ဟပ်လာကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ရေး စုစုပေါင်းပမာဏသည် သန်း ၄၀ ရှိပြီးဖြစ်ကာ မြန်မာပြည်သူများ ကိုယ်ခံအားအကာအကွယ်တည်ဆောက်ရေးအတွက် အားကောင်းသည့်ထောက်ခံမှုပေးအပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးကူညီမှုများ ဆက်လက်ပေးအပ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံပြည်သူများ ကျန်းမာရေးဘေးကင်းရေးအတွက် ပိုမိုများပြားသည့်အကျိုးစီးပွားများ ဖော်ဆောင်ပေးလိုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က ကိုဗစ်-၁၉ ကပ်ရောဂါထိခိုက်မှုကြောင့် မြန်မာနိုင်ငံသည်တစ်နေ့တစ်ခြားပိုမိုများပြားသည့် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်ကိုရင်ဆိုင်နေရကြောင်း၊ တရုတ်နိုင်ငံက ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်ကိုအရင်းခံ၍ မြန်မာနိုင်ငံအား ကာကွယ်ဆေး လှူဒါန်းပေးအပ်မှုကိုအထူးပင်ကျေးဇူးတင်ရှိကြောင်း ၊ အဆိုပါ ကာကွယ်ဆေးများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း စေတနာ့ဝန်ထမ်းများ၊ ရပ်ကွက်ဝန်ဆောင်မှုအဖွဲ့အစည်းဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များအတွက် ထိုးနှံပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းပေးအပ်သည့် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ရေ နှစ်သိန်းလွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူးကြီး Ms. Li Xiaoyan ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)