တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက လွတ်လပ်မှု အမည်ခံဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်တန့်ရန် အမေရိကန်အားတိုက်တွန်း

2021-12-31 17:10:22 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ဗဟိုအစိုးရနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက ဟောင်ကောင်၏သတင်းလွတ်လပ်ခွင့်ကို ထိခိုက်ပျက်ပြားစေသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ အပြစ်တင်မှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန် နိုင်ငံသည် ၎င်း၏ အရေခြုံ စံနှုန်းနှစ်မျိုးကို ဘေးဖယ်ထားသင့်ပြီး လွတ်လပ်မှု အမည်ခံဖြင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ရပ်တန့်သင့်ကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို အကောင်အထည်ဖော်ပြီးချိန်မှစ၍ ဟောင်ကောင်၏ဖွံ့ဖြိုးတိုးတက်မှုသည် လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ သတင်းလွတ်လပ်ခွင့်ကို လုံခြုံတည်ငြိမ်ပြီး တရားဥပဒေစိုးမိုးရေးအောက်တွင် ပိုမိုကောင်းမွန်စွာ အကာအကွယ်ပေးထားကြောင်း၊ ဤအချက်မှာ ငြင်းဆို၍မရသော ဖြစ်ရပ်မှန်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

အမေရိကန်၏ ဤလုပ်ရပ်သည် ဟောင်ကောင်၏သတင်းလွတ်လပ်ခွင့်ကို ထောက်ခံသည်မဟုတ်ဘဲ ဟောင်ကောင်၏တည်ငြိမ်မှုကို မလိုလားသည်မှာ အမှန်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံတွင် သတင်းလွတ်လပ်ခွင့်သည် အဆက်မပြတ်ဆိုးရွားနေပြီး သတင်းအချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ၌ အနည်းဆုံး သတင်းထောက် ၁၁၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခံရပြီး ၂၀၁၉ ခုနှစ်ထက် ၁၂ ဆတိုးလာခဲ့ကြောင်း၊ အမေရိကန် အစိုးရသည် အမှန်တရားကို မကြောက်ဘဲ ယုံကြည်မှုရှိပါက အဘယ်ကြောင့် Assange ကို ဖမ်းဆီးရသနည်းဟု ၎င်းကမေးခွန်းထုတ်ခဲ့သည်။ အမေရိကန် နိုင်ငံသည် ၎င်း၏ အရေခြုံ စံနှုန်းနှစ်မျိုးကို ဘေးဖယ်ထားသင့်ပြီး လွတ်လပ်မှု အမည်ခံဖြင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ရပ်တန့်သင့်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

ကျောက်လိကျန်းက ဟောင်ကောင်ရဲတပ်ဖွဲ့သည် သွေးထိုးလှုံ့ဆော်သော စာပေများကို ထုတ်ဝေရန် ပူးပေါင်းကြံစည်မှုဖြင့် သံသယရှိသူများအား ဥပဒေနှင့်အညီ ဖမ်းဆီးပြီး သက်ဆိုင်ရာ ပိုင်ဆိုင်မှုများအားသိမ်းဆည်းမည်ဖြစ်ကြောင်း၊ ဤလုပ်ဆောင်ချက်သည် ဟောင်ကောင်၏ တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေးစည်းမျဉ်းစည်းကမ်းကို ထိန်းသိမ်းရန် လိုအပ်သည့် တရားဝင်လုပ်ဆောင်ချက်ဖြစ်ပြီး သတင်းလွတ်လပ်ခွင့်နှင့် သက်ဆိုင်မှုမရှိကြောင်း ထောက်ပြခဲ့သည်။

ဟောင်ကောင်သည် တရားဥပဒေစိုးမိုးမှုအောက်တွင်ရှိသော လူ့အဖွဲ့အစည်းဖြစ်ပြီး၊ ဟောင်ကောင်တွင်နေထိုင်သူများ၏ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ဥပဒေနှင့်အညီ အပြည့်အဝ ကာကွယ်ပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်သည် ရာဇ၀တ်မူများ၏ အကာအကွယ်ဒိုင်း မဟုတ်ကြောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် စာနယ်ဇင်းနယ်ပယ်၌ ပါဝင်လုပ်ကိုင်ရာတွင် တရုတ်နိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဥပဒေများကို တင်းတင်းကျပ်ကျပ် လိုက်နာရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများသည် ဥပဒေအကျိုးဆက်များကို ခံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဟောင်ကောင်အရေးကို မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးတစ်ယောက်အနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မပြုကြောင်း၊ အချို့ပြင်ပ အင်အားစုများက သတင်းလွတ်လပ်ခွင့်ကို ဘန်းပြပြီး ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ရဲတပ်ဖွဲ့၏ တရားဥပဒေနှင့်အညီ ဆောင်ရွက်မှုများကို တာဝန်မဲ့ မှတ်ချက်ပေးမှုသည် အမှန်တရားကိုပြောင်းပြန်လှန်ကာ လူများကိုရှုပ်ထွေးစေကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)