“လွန်ခဲ့တဲ့နှစ်များက ဟော်နန်ပြည်နယ်ပြတိုက်မှာ လေ့လာရင်း ဂီတအကအဖွဲ့ မြေရုပ်တွေကို တွေ့ခဲ့စဉ် ‘သူတို့တစ်တွေ’သာ အသက်ရှင်လာခဲ့ရင် ယနေ့ခေတ်လူတွေကို ဘာအကြောင်းများ ပြောပြမလဲလို့ တွေးမိခဲ့ပါတယ်”ဟု ကျိန့်ကျိုးမြို့ ကဇာတ်ရုံမှ ဒါရိုက်တာနှင့် “ထန်ခေတ်နန်းတွင်းညပွဲတော်”အက ဖန်တီးသူများထဲက တစ်ဦးအပါအဝင်ဖြစ်သူ ချန်လင်းက ပြောသည်။
၂၀၂၁ ခုနှစ်တွင် ၅ မိနစ်စာ “ထန်ခေတ်နန်းတွင်းညပွဲတော်”အကသည် တရုတ်အင်တာနက်တစ်ခုလုံးကို အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့သကဲ့သို့ ပြည်ပလူမှုကွန်ရက်များတွင်လည်း အလားတူ အာရုံစိုက်ခံခဲ့ရသည်။ ထန်မင်းဆက်ခေတ်(၆၁၈ ခုနှစ်-၉၀၇ ခုနှစ်)အဖိုးတန် မြေထည်ပစ္စည်းများ၏ အဓိကအရောင် သုံးရောင်ဖြစ်သော အနီ၊ အစိမ်း၊ အဝါ သုံးရောင်စပ် ရူချွင်ဝတ်စုံ ဝတ်ဆင်ထားသော၊ “မို့မို့အိအိ”မျက်နှာပေါ်တွင် ထန်မင်းဆက်ခေတ်အမျိုးသမီးများ ခြယ်သလေ့ရှိသည့် သုံးရောင်လပုံသဏ္ဌာန် မျက်နှာချေ လိမ်းခြယ်ထားသော ကချေသည် ၁၄ ဦးတို့သည် 3D နှင့် AR နည်းပညာ အကူအညီဖြင့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း၏ ပုံရိပ်တို့အကြား လွန်းထိုးလျက် ပုံရိပ်ယောင်နှင့် လက်တွေ့ဇာတ်ခုံတို့၏ အတိုင်အဖောက်ညီမှုဖြင့် ပရိသတ်ရှေ့မှောက်သို့ ကိုယ်ထင်ပြကာ ရောက်ရှိလာခဲ့ကြသည်။
ထိုသို့ သမိုင်းထဲမှ ထိုးဖောက်ဖြတ်ကျော် ထွက်ပေါ်လာခဲ့သည့် “လှသူဇာ”များတွင် မူလပုံစံ ရှိပေသည်။ ချန်လင်း၏ ထိုစိတ်ကူးမှာ ၁၉၅၉ ခုနှစ် ဟော်နန်ပြည်နယ် အန်းယန်မြို့ ကျန်းရှိန်သင်္ချိုင်းမြေမှ တူးဖော်တွေ့ရှိသည့် ဆွေမင်းဆက်ခေတ်(၅၈၁ ခုနှစ်-၆၁၈ ခုနှစ်၊ ထန်မင်းဆက်ခေတ် မတိုင်မီက မင်းဆက်ခေတ်)ကချေသည် မြေရုပ်များထံမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုမြေရုပ်အတွဲမှာ ၁၃ ရုပ်ပါဝင်၍ တူရိယာတီးမှုတ်သူ မြေရုပ် ၈ ရုပ်နှင့် ကချေသည်မြေရုပ် ၅ ရုပ် ပါဝင်သည်။
ဟော်နန်ပြည်နယ်ပြတိုက် ဒုတိယထပ်၏ ပြခန်းထဲရှိ ဂီတအကမြေရုပ် ၁၃ ရုပ်၏ ဆံပင်ပုံစံနှင့် အဝတ်အစားပုံစံတို့မှာ ယေဘုယျအားဖြင့် ဆင်တူကြသည်။ ဆံပင်နက်၊ နှုတ်ခမ်းနီ၊ ခလယ်ခွဲဆံထုံး၊ လက်ကျပ်အင်္ကျီ၊ အရောင်ဆင်တူ ခါးမြင့်ရင်စည်းနှင့် ဖြစ်ကြ၏။ ဂါဝန်ရှည်ကို ရင်ဘတ်ရှေ့မှာ စည်းနှောင်ဝတ်ဆင်ထားကြ၏။ ခါးစည်းတွဲလွဲကျကာ လွင့်ပျံ့နေကြ၏။ ပခုံးထက်မှာ ပိုးပဝါခြုံထားကြ၏။ အသေးစား ဂီတအက ဖျော်ဖြေတင်ဆက်မှုတစ်ရပ် ပြုလုပ်နေသည့်ပမာ ဖြစ်သည်။
တူရိယာတီးမှုတ်သူများမှာ ဟန်အမူအရာ အသီးသီးမတူကွဲပြားကြ၏။ ဂီတထဲမှာ နစ်မျောလျက် မြေကြီးပေါ် ဂါဝန်ရှည် အင်္ကျီလက်ရှည် ဝတ်ဆင်ထားကြ၏။ အချို့မှာ အင်္ကျီလက်တိုတစ်ထည်ထပ်ထားသေး၏။ အားလုံးမှာ နူးညံ့သိမ်မွေ့သည့် အမူအရာရှိကြ၍ အင်္ကျီလက်စနှစ်ဖက်ကို ဝှေ့ယမ်းကာ ညင်သာစွာ ကခုန်နေကြသည်။ “သေချာလေ့လာကြည့်ရင် တွေ့နိုင်ပါတယ်၊ အဲဒီထဲက ဖီးဖားဗျပ်စောင်းတီးတဲ့ မြေရုပ်နှစ်ရုပ်က အခုခေတ် ဖီးဖားဗျပ် စောင်းတီးတဲ့နည်းနဲ့ မတူတာကို တွေ့ရမှာပါ၊ ဒါတွေက တရုတ်ရိုးရာဂီတတူရိယာတွေ၊ တူရိယာပုံသဏ္ဌာန်နဲ့ တီးပုံတီးနည်းအပိုင်းတို့မှာ မပြတ်ပြောင်းလဲလာခဲ့တယ် ဆိုတာကို သက်သေပြနေတာပါပဲ”ဟု ဟော်နန်ပြည်နယ်ပြတိုက် ဒုတိယ ပြတိုက်မှူး ကျန်းတယ်ရွှေက ပြောပြသည်။
တရုတ်သမိုင်းတွင် ဆွေမင်းဆက်ခေတ်၊ ထန်မင်းဆက်ခေတ်တို့မှာ ဂီတ၊ အက အနုပညာများ ကောင်းစားခဲ့သည့်ခေတ်ကာလ ဖြစ်သည်ဟု သိရသည်။ “ကျန်းရှိန်သင်္ချိုင်းမြေက တူးဖော်တွေ့ရှိတဲ့ အဲဒီဂီတအက မယ်မြေရုပ်တွေဟာ မူလပုံစံအတိုင်း ရှိနေသေးလို့ ဆွေမင်းဆက်ခေတ်၊ ထန်မင်းဆက်ခေတ် ဂီတအကစနစ်တို့ကို လေ့လာဖို့အတွက် အဖိုးတန်တဲ့ သက်သေအချက်အလက် အထောက်အပံ့တွေ ဖြစ်ပါတယ်။ မြေရုပ်တွေ တူးဖော်တွေ့ရှိစဉ်က သူတို့ရဲ့ အဝတ်အစားတွေမှာ အစိမ်း၊ အညို၊ အနီ၊ အဝါ ရောင်စုံရှိကာ ထူးခြားစွာ လှပတောက်ပြောင်နေပါတယ်”ဟု ကျန်းတယ်ရွှေက ပြောပြသည်။
“လေးနက်တဲ့ သမိုင်းယဉ်ကျေးမှုဟာ ပြတိုက်ထဲမှာပဲ ပြသထားတာမျိုး မဖြစ်သင့်ဘဲ အနုပညာလက်ရာမျိုးစုံနဲ့ ပေါင်းစပ်၍ ပြန့်ပွားစေပြီးနောက် ယဉ်ကျေးမှု အနုပညာအလုပ်သမားတွေအတွက် အတွေးတွေ ထပ်ဆင့်ပွားနိုင်အောင် ဆောင်ရွက်သင့်ပါတယ်”ဟု ချန်လင်းက ပြောပြပါသည်။
ဆောင်းပါးအရင်းအမြစ်။ ။ ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်ချက်။ ဘသာပြန်၊ မင်္ဂလာမဂ္ဂဇင်း။