ချစ်စဖွယ်ကောင်းသော ဆင်ကလေး “လုံလုံ”သည် အသက်ပြန်လည်ရှင်သန်လာ

2022-03-17 10:39:16 |သတင်းအရင်းအမြစ် 新华网

၂၀၂၁ ခုနှစ် ဇူလိုင်လက ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားတွင် မွေးဖွားစ ၂ လသာ ရှိသေးသော ဆင်ကလေး တစ်ကောင်သည် နွယ်ပင်များ ရစ်ပတ်ခြင်းကြောင့် ဘယ်ဘက်ပေါင် ဒဏ်ရာရခဲ့သည်။ ဆင်ကလေးသည် ပိုးဝင်ပြီး ဒဏ်ရာရောင်ကိုင်းကာ ပြည်တည်သဖြင့် ဆင်အုပ်စု၏ ခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိသောကြောင့် ဆင်အုပ်စု၏ စွန့်ပစ်ခြင်း ခံခဲ့ရသည်။ ၎င်းဆင်ကလေးအား ဆေးကုပေးရန် စစ်ဆောင်ပန်းနား သက်ဆိုင်ရာဌာနတို့သည် ဆင်ကလေးအား ယူနန်ပြည်နယ် အာရှဆင်မျိုးပွားရေးနှင့် ကယ်ဆယ်ရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ပြီး “လုံလုံ”ဟူသောအမည်ကို မှည့်ပေးခဲ့သည်။

ဆင်ကျွေးမွေးသူ“ဆင်ဖေဖေ”များ၏ သေချာစွာ ကာကွယ်စောင့်ရှောက်ခြင်းကြောင့် ဆင်ကလေးလုံလုံ သည် တဖြည်းဖြည်း ပြန်လည်ကျန်းမာလာပြီး ဆော့ကစားတတ်သော၊ ချစ်စဖွယ်ကောင်းသော ပင်ကိုယ်သဘာဝကို ပြန်လည် ရရှိခဲ့သည်။ လက်ရှိတွင် လုံလုံသည် “ဆင်ဖေဖေ”၏ ကာကွယ် စောင့်ရှောက်ခြင်း၊ တောရိုင်းပတ်ဝန်းကျင် ပြန်ရန် လေ့ကျင့်ပေးခြင်း၊ သတ်မှတ်ထားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးပေးခြင်း စသည်တို့ဖြင့် ပြန်လည်အသက်ရှင်သန်လာကြောင်း သိရသည်။

ယူနန်အာရှဆင်မျိုးပွားရေးနှင့် ကယ်ဆယ်ရေးစင်တာသည် စစ်ဆောင်ပန်းနားအတွင်းနေထိုင်သော အခက်အခဲများကြုံတွေ့သည့် အာရှဆင်များအတွက် ကူညီထောက်ပံ့မှု ပေးလျက်ရှိသည်။ ၎င်း စင်တာသည် ၂၀၀၈ ခုနှစ်မှစတင်ဖွင့်လှစ်ပြီး ယခုအချိန်ထိတိုင် အာရှဆင်ကယ်ဆယ်ရေး လုပ်ငန်း အစီအစဥ် ၂၁ ကြိမ်အတွင်း ပါဝင်ခဲ့ပြီး အသက်အရွယ်မတူညီသော အာရှဆင်ရိုင်း အကောင် ၂၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။


(အရင်းအမြစ်၊ Xinhua၊ ဘာသာပြန်၊ Yunnan gateway)