ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် COVID-19 ထိန်းချုပ်ရေးကို တင်းတင်းကျပ်ကျပ်စီမံဆောင်ရွက်ထားဟု WHO ပြော

2022-01-10 17:50:30 |သတင်းအရင်းအမြစ် 新华网

ရှေ့လ(ဖေဖော်ဝါရီလ)တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကာလတွင်း COVID-19 ကပ်ရောဂါဘေးမှ ကင်းဝေးလုံခြုံစေရန် တရုတ်နိုင်ငံ၏ စီမံဆောင်ရွက်ထားမှုများသည် တင်းကျပ်ခိုင်မာမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အကြီးတန်းကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်သည်။

စင်ကာပူနိုင်ငံ၌ တရုတ်ဘာသာစကားဖြင့်ထုတ်ဝေသည့် Lianhe Zaobao သတင်းစာတွင် ဖော်ပြချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အရေးပေါ်ဌာနများဆိုင်ရာ ညွှန်ကြားရေးမှူး Michael Ryanက ဇန်နဝါရီ ၆ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အားကစားပြိုင်ပွဲများကို ဘေးကင်းလုံခြုံစွာကျင်းပနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာအကြံပေးမှု စီမံဆောင်ရွက်ပေးရန် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့်အတူ ကုလသမဂ္ဂ၏ ကျန်းမာရေးအေဂျင်စီက အနီးကပ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ အားကစားပွဲလုပ်မယ့်နေရာမှာ တရုတ်အာဏာပိုင်တွေက ရောဂါကာကွယ်ရေးအစီအစဉ်တွေကို တင်းတင်းကျပ်ကျပ်လုပ်ထားပါတယ်။ သူတို့က မတူကွဲပြားတဲ့ အားကစားလက်စွဲစာအုပ်ပေါင်းများကိုလည်း ထုတ်ဝေဖြန့်ချိထားပါတယ် ” ဟု Ryan က ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ရရှိထားတဲ့ အချက်အလက်တွေအရ အားကစားပွဲလုပ်မယ့်နေရာတိုင်းမှာ ရောဂါကာကွယ်ရေးအ
စီအစဉ်တွေကို တင်းတင်းကျပ်ကျပ် ခိုင်ခိုင်မာမာ လုပ်ထားတယ်ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ် ၊ ဒီအချက်တွေကြောင့်ပဲ ပြိုင်ပွဲမှာ ဘယ်လို ရောဂါကူးစက်မှု အန္တရာယ်မှ ရှိလိမ့်မည်လို့ ကျွန်တော်တို့ မမြင်မိပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါ ၄ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)