တရုတ်နိုင်ငံက တောင်ကိုရီးယားနိုင်ငံမှ ကုန်စည်များအပေါ် RCEP စည်းကြပ်ခွန်နှုန်းထားများ သတ်မှတ်မှု အကောင်အထည်ဖော်သွားမည်

2022-01-14 19:37:09 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ သတ်မှတ်ထားသောသွင်းကုန်များအပေါ် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်အရ ကတိပြုထားသည့်အတိုင်း စည်းကြပ်ခွန်ကောက်ခံသည့်နှုန်းထားကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ သတ်မှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ အကောက်ခွန်စည်းကြပ်မှုကော်မရှင်က ဇန်နဝါရီ ၁၃ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

တောင်ကိုရီးယားနိုင်ငံအတွက် RCEP သဘောတူညီချက် အသက်ဝင်သည့်အလားတူနေ့တွင် ထိုအပြောင်းအလဲ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ တောင်ကိုရီးယားနိုင်ငံသည် လက်ရှိတွင် ၎င်း၏ ခွင့်ပြုချက်အထောက်အထားကို RCEP သဘောတူညီချက်၏ အပ်နှံသူဖြစ်သော အာဆီယံ အတွင်းရေးမှူးချုပ်ထံ အပ်နှံထားကြောင်း သိရသည်။

၂၀၂၂ ခုနှစ်ပြီးနောက် နှစ်ပေါင်းများစွာအကြာတွင် သဘောတူညီချက်၌ ကတိပြုထားသည့်အတိုင်း နှစ်စဉ် စည်းကြပ်ခွန်ချိန်ညှိမှုများမှာ နှစ်တစ်နှစ်စီ၏ ပထမဆုံးနေ့တွင် အသက်ဝင်မည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ RCEP အကောင်အထည်ဖော်မှုသည် ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပေးမည်ဖြစ်ကာ RCEP အဖွဲ့ဝင်နိုင်ငံများအားလုံးထံ အပြန်အလှန်အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အဖြစ် RCEP သဘောတူညီချက်သည် ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်လာခဲ့သည်။ ၎င်းသဘောတူညီချက် အသက်ဝင်လာပြီးနောက် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်အား စည်းကြပ်ခွန် သုညအထိ ဖြည်းဖြည်းချင်းလျှော့ချရေး သဘောတူညီချက်ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်မှစတင်၍ဆွေးနွေးညှိနှိုင်းမှုများအား ၈ နှစ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်၌ အာရှ-ပစိဖိတ် ၁၅ နိုင်ငံ၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် စသည့်နိုင်ငံများက RCEP ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ (Xinhua)