ဖိလစ်ပိုင်နိုင်ငံ “အရှည်ဆုံးနှင့်အမြန်ဆုံး” အမျိုးသားရထားလမ်းစီမံကိန်းကို တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ပေးမည်ဖြစ်

2022-01-21 15:46:53 |သတင်းအရင်းအမြစ် 新华网

တရုတ်ကုမ္ပဏီအများအပြားပါဝင်ဖွဲ့စည်းထားသော ဖက်စပ်လုပ်ငန်းတစ်ခုသည် ပြီးခဲ့သည့်ရက်က ဖိလစ်ပိုင်အမျိုးသားရထားလမ်း တောင်ဘက်လမ်းပိုင်း ခရီးဝေးသယ်ယူပို့ဆောင်ရေးအပိုင်း၏ ပထမအဆင့်ဆောက်လုပ်ရေးလုပ်ငန်းကို လေလံအောင်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိအချိန်ထိ မိုင်အရှည်ဆုံးနှင့် အမြန်ဆုံး ရထားလမ်း စီမံကိန်းကို တာဝန်ယူတည်ဆောက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းမှာ ဒေသတွင်း အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်စေရေး၊ သယ်ယူပို့ဆောင်ရေး စွမ်းအင်မြှင့်တင်ရေးနှင့် ခရီးသွားလာမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပထမအဆင့်ဆောက်လုပ်ရေးလုပ်ငန်းသည် ဖိလစ်ပိုင်နိုင်ငံ Laguna Province ပြည်နယ် Calamba မြို့မှ အစပြုပြီး Albay ပြည်နယ် Legazpi မြို့တွင် အဆုံးသတ်ကြောင်း စုစုပေါင်းအရှည် ၃၈၀ ကီလိုမီတာ ရှိပြီး Luzon ကျွန်းတောင်ပိုင်း ပြည်နယ်များကို ဆက်သွယ်ထားကြောင်း၊ ၎င်းစီမံကိန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ အဓိက စီမံကိန်းများထဲမှ တစ်ခုဖြစ်ပြီး စီမံကိန်းစုစုပေါင်းတန်ဖိုးမှာ ဖိလစ်ပိုင်ပီဆို ၁၄၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံခန့်) ရှိကြောင်း ဖိလစ်ပိုင်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် စီမံကိန်း၏ ခရီးသည်ပို့ဆောင်ရေးရထား လည်ပတ်မှု အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား လည်ပတ်မှု အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၈၀-၁၀၀ ဖြစ်ပြီး နှစ်စဉ်ခရီးသည်ပို့ဆောင်နိုင်မှုသည် ၁၄ ဒသမ ၆ သန်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းဆောက်လုပ်ပြီးစီးပါက မြို့တော်မနီလာမှ တောင်ပိုင်း Bicol ဒေသသို့ ခရီးသွားလာမှုကြာချိန်သည် လက်ရှိ ၁၂ နာရီကြာမြင့်ရာမှ ၄ နာရီအထိ လျှော့ချပေးသွားနိုင်မည် ဖြစ်သည်။

ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံအမတ်ကြီးHuang Xilian က အဆိုပါစီမံကိန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ မိုင်အရှည်ဆုံးနှင့် အမြန်ဆုံး ရထားလမ်းစီမံကိန်းဖြစ်သလို တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု၏ မှတ်တိုင်သစ်ဖြစ်လာမည် ဟုဆိုသည်။ စီမံကိန်းတည်ဆောက်မှု ကာလအတွင်း နှစ်စဉ် အလုပ်အကိုင်အခွင့်အလမ်း ၁၀,၀၀၀ ကျော်နှင့် ဆက်စပ်လုပ်ငန်းများကိုတွန်းအားပေးရင်း စီမံကိန်းတလျှောက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ကြောင်း သိရသည်။(Xinhua)