အမေရိကန်က တရုတ်ကုမ္ပဏီ ၃၃ ခုကို ပို့ကုန်ထိန်းချုပ်မှုစာရင်းထဲ ထည့်သွင်းခြင်းအပေါ် တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တုန့်ပြန်ပြောကြား

2022-02-10 11:14:32 |သတင်းအရင်းအမြစ် 新华网

အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် တရုတ်ကုမ္ပဏီ ၃၃ ခုကို ပို့ကုန်ထိန်းချုပ်မှု “မစိစစ်ရသေးသော အမည်စာရင်း Unverified list” သို့ ထည့်သွင်းခြင်းကြေညာချက်အပေါ် တရုတ်နိုင်ငံမှ ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အမေရိကန်အား မှားယွင်းသောလုပ်ရပ် လုပ်ဆောင်ခြင်းမှ ရပ်တန့်ရန်နှင့် ဘုံအကျိုးဖြစ်ထွန်းသည့် လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိရန် တိုက်တွန်းကြောင်းတရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၈ ရက်တွင် တုန့်ပြန်ပြောကြားခဲ့သည်။အမေရိကန် အစိုးရ၏ သက်ဆိုင်ရာ ကြေညာချက်ကို တရုတ်နိုင်ငံက ဂရုပြုမိကြောင်း ၊ အမေရိကန်သည် ကျေနပ်လက်ခံနိုင်ဖွယ် ယုံကြည်မှု စိစစ်အတည်ပြု၍ မရဟု အကြောင်းပြပြီး တရုတ်ကုမ္ပဏီလုပ်ငန်းများကို “မစိစစ်ရသေးသော အမည်စာရင်း” သို့ ထည့်သွင်းခြင်းအပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အမေရိကန်သည် ပို့ကုန်ထိန်းချုပ်မှုကို နိုင်ငံရေးဖိနှိပ်မှုနှင့် စီးပွားရေးအနိုင်ကျင့်မှု လက်နက်အဖြစ် အသုံးပြုကာ အခြားနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းအပေါ် တစ်ဖက်သတ် ဖိနှိပ်ချုပ်ချယ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ တရုတ်နှင့် အမေရိကန်ကုမ္ပဏီများအကြား ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအပေါ်အခက်အခဲများနှင့် အတားအဆီးများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ နိုင်ငံတကာစီးပွားရေးနှင့်ကုန်သွယ်မှုအခင်းအကျင်း၊လွတ်လပ်သောကုန်သွယ်မှုစည်းမျဉ်းနှင့်ကမ္ဘာ့စက်မှုလုပ်ငန်းပံ့ပိုးမှုကွင်းဆက်တို့ကိုဆိုးရွားစွာထိခိုက်စေခဲ့ကြောင်း၊ဤလုပ်ဆောင်ချက်သည် တရုတ်နိုင်ငံနှင့် အမေရိကန်တို့အပေါ် အကျိုးမရှိသလို ကမ္ဘာတစ်ဝှမ်းလုံးအတွက်ပါ အကျိုးမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူက အမေရိကန်သည် ၎င်း၏အမှားကို ချက်ချင်းပြုပြင်ရန်နှင့် ဘုံအကျိုးဖြစ်ထွန်းသော လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ကမ္ဘာလုံးဆိုင်ရာစက်မှုလုပ်ငန်းပံ့ပိုးမှုကွင်းဆက်၏ တည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပိုမိုများသော အကျိုးဆောင်မှုများပြုလုပ်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)