တရုတ်နိုင်ငံ သမ္မတနှင့် မက္ကဆီကိုနိုင်ငံ သမ္မတတို့ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသဝဏ်လွှာဖလှယ်

2022-02-15 17:12:46 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရူးစ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒါ (Andres Manuel Lopez Obrador) တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာကို ဖေဖော်ဝါရီ ၁၄ ရက်က အပြန်အလှန် ဖလှယ်ခဲ့ကြကြောင်း သိရသည်။တရုတ်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့သည် ခေတ်နှင့်လျော်ညီသော ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းရှိသော နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံပြည်သူများအကြား ရှေးခေတ်ကာလကြားက ခင်မင်ရင်းနှီးစွာ ကူးလူးဖလှယ်မှုများရှိကြောင်း သမ္မတ ရှီက သဝဏ်လွှာ၌ ထည့်သွင်းမှတ်ချက်ပြုခဲ့သည်။

တရုတ်နှင့် မက္ကဆီကို နိုင်ငံတို့သည် လွန်ခဲ့သည့် ရာစုနှစ်တစ်ဝက်ခန့်က သံတမန်ဆက်ဆံရေး ထူထောင်ပြီးချိန်မှစ၍ အထူးသဖြင့် ၂၀၁၃ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ရှေ့ဆက်တိုးမြှင့်ခဲ့ကြပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် ရောက်ရှိလာခဲ့ကြောင်း၊ နှစ်နိုင်ငံတို့သည် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု နက်ရှိုင်းခဲ့သလို နယ်ပယ်အသီးသီးတွင် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာဖြစ်ပေါ်ခဲ့သော ကပ်ရောဂါကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့သည် အတူတကွ ရပ်တည်ခဲ့ကြပြီး အပြန်အလှန် လက်ချင်းတွဲလျက် ကပ်ရောဂါ တိုက်ဖျက်ရေး၌ နိုင်ငံတကာ စည်းလုံးညီညွတ်မှု၏ စံနမူနာကောင်းများ ချမှတ်ခဲ့ကြောင်းလည်း တရုတ်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

ထို့အတူ တရုတ်-မက္ကဆီကို ချစ်ကြည်ရေးသစ်ပင်သည်လည်း အသီးအပွင့်များဝေဆာလျက် အသီးအနှံများ ပေါက်ဖွားလာကာ နှစ်နိုင်ငံပြည်သူများအတွက် ထင်သာမြင်သာရှိသောာ အကျိုးကျေးဇူး အသီးအပွင့်များကို ဆောင်ကြဉ်းပေးလျက်ရှိကြောင်း ရှီက ဆိုသည်။

တရုတ်-မက္ကဆီကို ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အလွန်ပင်အရေးကြီးလှကြောင်း၊ အနာဂတ်အား ရှေ့ရှုလျက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို အောင်မြင်မှုများ တည်ဆောက်ပြီး ရှေ့ဆက်လျှောက်လှမ်းရန် အခွင့်အလမ်းအဖြစ် ရှီက လိုပက်ဇ် အိုဘရာဒါနှင့်အတူလက်တွဲဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတ ရှီက အစဉ်အလာရှိပြီးသော ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်၊ နှစ်ဦးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းမှုရှိစေရန်၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို လှုံ့ဆော်ရန်နှင့် တရုတ်-မက္ကဆီကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးကို စဉ်ဆက်မပြတ် တိုးတက်လာစေရန်အတွက် မက္ကဆီကိုနိုင်ငံ သမ္မတနှင့် လက်တွဲဆောင်ရွက်လိုကြောင်း၊ သို့မှသာ နှစ်နိုင်ငံပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရရှိသော မိတ်ဆွေကောင်းများအပြင် ကြွယ်ဝချမ်းသာမှုအား မျှဝေသော မိတ်ဖက်ကောင်းများအဖြစ် ထာဝရတည်ရှိမည်ဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံ သမ္မတ လိုပက်ဇ် အိုဘရာဒါကလည်း လွန်ခဲ့သည့် နှစ် ၅၀ အတွင်း မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့သည် ချိုးဖျက်၍မရသော ချစ်ကြည်ရင်းနှီးမှုကို ပေါင်းစည်းခဲ့ကြပြီး COVID-19 ရောဂါအား ပူးတွဲတိုက်ဖျက်ရာတွင် စံနမူနာရှိထားသည့်အတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြားနယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွင်း နှစ်နိုင်ငံ အပြန်အလှန် ကူညီမှုနှင့် ပံ့ပိုးမှုကို ရိုးသားစွာ ကျေးဇူးတင်ကြောင်းနှင့် အမြဲတစေ အမှတ်ရနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မက္ကဆီကို-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးသည် ခေတ်နှင့်အညီ တိုးတက်လျက်ရှိပြီး ပိုမိုအားကောင်းလျက်ရှိကြောင်း၊ နှစ်နိုင်ငံ ပြည်သူများမှာလည်း စဉ်ဆက်မပြတ် အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း၊ နှစ်နိုင်ငံလုံးအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံပေါင်းစုံအဆင့်၌ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်လည်း လက်တွဲဆောင်ရွက်လျက်ရှိကြောင်း သတိပြုမိပါကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးသည် တည်ငြိမ်မှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် ထိန်းထားမည်ဖြစ်ကြောင်းနှင့် တက်ကြွမှုအသစ်ကို ပြသနိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)