ဆီးရီးယားနိုင်ငံ သမ္မတ Bashar al-Assad က ဖေဖော်ဝါရီ ၁၅ ရက်တွင် နိုင်ငံသို့ လာရောက်လည်ပတ်သည့် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး SergeiShoigu နှင့် တွေ့ဆုံခဲ့ကြောင်း ဆီးရီးယားသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။ဆီးရီးယားနိုင်ငံတစ်ဝှမ်းလုံးကို အချုပ်အခြာအာဏာပြန်လည်သိမ်းပိုက်နိုင်ရန်နှင့် ဆီးရီးယားပြည်သူများအား ပိတ်ဆို့အရေးယူမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးဝါးသည့်သက်ရောက်မှုများမှ ကျော်ဖြတ်နိုင်ရန် ရုရှားနိုင်ငံက ကူညီပေးသွားမည်ဟု Shoigu က ပြောကြားခဲ့သည်။
ဆွေးနွေးပွဲ အကြောင်းအရာများတွင် ဆီးရီးယားနှင့် ရုရှားနှစ်နိုင်ငံ စစ်တပ်များကြား ပူးပေါင်းဆောင်ရွက်ရေး အထူးသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စရပ် များ ပါ၀င်ကြောင်း သိရသည်။ Shoigu သည် ဆီးရီးယားအနောက်မြောက်ပိုင်းရှိ Tartus ဆိပ်ကမ်းမှ စတင်သော ရုရှားနိုင်ငံ၏ ရေတပ်လေ့ကျင့်မှုအခြေအနေနှင့် ပတ်သက်၍ Bashar အား အကျဉ်းချုပ် ရှင်းလင်း ပြောကြားခဲ့သည်။ ရုရှားက ဆီးရီးယားအား နယ်မြေတစ်ခုလုံးအပေါ် အချုပ်အခြာအာဏာပြန်လည်ရယူပြီးသည့်အချိန်အထိ ဆီးရီးယားနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆီးရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများနှင့် တရားမျှတမှုမရှိသော ဒဏ်ခက်မှုများ၏ သက်ရောက်မှုများကို ခံစားနေရသော ဆီးရီးယားပြည်သူများအား ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာတွင် ဆီးရီးယားနိုင်ငံ အစိုးရ၏ တောင်းဆိုချက်အရ ရုရှားစစ်တပ်က ဆီးရီးယားရှိ Khmeimim လေတပ်အခြေစိုက်စခန်တွင် တပ်စွဲခဲ့ပြီး ဆီးရီးယားရှိ အစွန်းရောက်အဖွဲ့အစည်းများအား တိုက်ခိုက်ရာတွင် ဆီးရီးယားအစိုးရကို ကူညီခဲ့ကြောင်း ၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ဆီးရီးယားမှ ရုရှားစစ်တပ်များ ရုပ်သိမ်းကြောင်း ကြေညာခဲ့သော်လည်း အချို့ရုရှားတပ်ဖွဲ့ဝင်များက Khmeimim လေတပ်စခန်းနှင့် Tartus ရေတပ်စခန်းတို့တွင် ဆက်လက်တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)