ယူကရိန်းအရေး သက်ဆိုင်ရာက သတင်းအတုအယောင်များဖြင့် တိုက်ခိုက်မှုကို ရပ်တန့်စေလိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

2022-02-18 15:32:01 |သတင်းအရင်းအမြစ် 新华网

သက်ဆိုင်ရာက သတင်းအချက်အလက်အတုအယောင်များဖြင့် တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ အပြန်အလှန်ယုံကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဖြစ်ထွန်းစေမည့်ကိစ္စ ပို၍ လုပ်ဆောင်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ မေးမြန်မှုအပေါ် ထည့်သွင်း ပြောကြားခဲ့သည်။ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှား-ယူကရိန်းနယ်စပ် စစ်အင်အားအချို့ကို ရုတ်သိမ်းကြောင်း ကြေညာခဲ့ရာ ယင်းလုပ်ဆောင်ချက်က အနောက်နိုင်ငံမီဒီယာများ ထိုမတိုင်မီ ကြိုတင်ခန့်မှန်းထားသည့် ယူကရိန်းသို့ ရုရှားကျူးကျော်မည့်နေ့တွင် ဖြစ်ကြောင်း ၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသလဲဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဝမ်ဝန်ပင်းက ရက်ဆက်ဆိုသလို အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုကို ဖောင်းပွအောင်ပြောကြားပြီး တင်းမာသည့်အခြေအနေဖြစ်အောင် ဖန်တီးခြင်းသည် ယူကရိန်းပြည်တွင်း လူမှုစီးပွားတည်ငြိမ်မှုနှင့်ပြည်သူလူထု နေထိုင်မှုဘဝအတွက် ပြင်းထန်သည့် ရိုက်ခတ်မှု ဖြစ်စေသလို သက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုအတွက် အတားအဆီး ထပ်တိုးစေခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ သတိထားမိပါတယ်။ ရုရှားက အနောက်နိုင်ငံတွေဟာ ယူကရိန်းအရေးမှာ ‘သတင်းအကြမ်းဖက်ဝါဒ’ဖော်ဆောင်ခဲ့တယ်၊ ဖေဖော်ဝါရီ ၁၅ ရက်ဟာ ‘အမေရိကန်၊အနောက်နိုင်ငံတွေ ဝါဒဖြန့်မှု ကျရှုံးတဲ့နေ့ပါပဲ’လို့ ပြောကြားခဲ့ပါတယ် ”ဟု ၎င်းက ဆိုသည်။

မဖြစ်မနေ ထောက်ပြပြောကြားရမည်ဆိုပါက အမေရိကန်၊အနောက်နိုင်ငံ လူအချို့က သတင်းအတုအယောင် ဖြန့်ချိမှုကြောင့် မူလ စိန်ခေါ်မှုများပြည့်နှက်နေသည့်ကမ္ဘာကို မငြိမ်မသက်၊မရေရာမှုများ ပိုတိုးစေပြီး မယုံကြည်မှုနှင့်ကွဲလွဲမှုများကို ဆိုးဝါးစေကြောင်း ဝမ်ဝန်ပင်းက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ သက်ဆိုင်ရာက ထိုကဲ့သို့သော သတင်းအတုအယောင်နဲ့တိုက်ခိုက်မှုကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ အပြန်အလှန်ယုံကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးရှိတဲ့ အလုပ်ကို ပိုမိုလုပ်ဆောင်စေလိုတယ်” ၎င်းက ပြောကြားခဲ့သည်။ (Xinhua)