တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ပါလက်စတိုင်းတွင် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်း မြှင့်တင်ရန် ကိုဗစ်-၁၉ (COVID-19) ရောဂါ ကာကွယ်ဆေး အလုံးရေ ၅၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက ဖေဖော်ဝါရီ ၂၁ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။အဆိုပါ ကာကွယ်ဆေးများသည် အီဂျစ်နိုင်ငံ ဇီဝထုတ်ကုန်များနှင့် ကာကွယ်ဆေးများ ကုမ္ပဏီအုပ်စု (VACSERA) နှင့် တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac တို့ မိတ်ဖက်ဆောင်ရွက်မှုမှတစ်ဆင့် အီဂျစ်နိုင်ငံတွင် ထုတ်လုပ်ထားသော ဆေးများဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က VACSERA ရုံးချုပ်တွင်ပြုလုပ်သည့် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သော အီဂျစ် ယာယီကျန်းမာရေးနှင့် အဆင့်မြင့်ပညာရေးဝန်ကြီး Khaled Abdel-Ghaffar က ပြောကြားခဲ့သည်။
“ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်းညီအစ်ကိုတွေကို တရုတ်နဲ့ အီဂျစ် နိုင်ငံတို့က ပူးတွဲလက်ဆောင်အဖြစ် အကူအညီတစ်သုတ် လွှဲပြောင်းပေးအပ်တာကို ဂုဏ်ပြုပါတယ်” ဟု Abdel-Ghaffar ၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီဂျစ်နိုင်ငံတွင် ကာကွယ်ဆေးအလုံးရေ သန်း ၃၀ ကျော်ကို ထုတ်လုပ်ထားပြီးဖြစ်ကြောင်းနှင့် ၎င်းကာကွယ်ဆေးများ၏ ဘေးကင်းမှုနှင့် ထိရောက်မှုတို့ကို အာမခံရရှိထားကြောင်း၊ အီဂျစ်အနေဖြင့် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံနှင့် အံ့ဩဖွယ်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ပါလက်စတိုင်းကို ပေးအပ်တဲ့ဒီအကူအညီဟာ အီဂျစ်ရဲ့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးတွေကို ပထမဆုံးအကြိမ် ပြည်ပ တင်ပေးပို့ခြင်းပဲဖြစ်ပါတယ်” ဟု ၎င်းက အလေးအနက်ဆိုသည်။
အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Liao Liqiang က လှူဒါန်းမှုကို ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းပြည်သူများအား ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အကူပြုရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း လျော့ပါးစေရန် တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် “သစ်လွင်ပြီး အရေးကြီးသော ခြေလှမ်း” အဖြစ် ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းမှုသည် တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံစလုံးက ပါလက်စတိုင်းပြည်သူများ၏ ကျန်းမာရေးနှင့် ပါလက်စတိုင်းတို့၏ အရေးကိစ္စအတွက် အလွန်အရေးပါမှုအဖြစ် မှတ်ယူကြောင်း၊ တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ မြင့်မားသောအဆင့်ကိုလည်း ထင်ဟပ်စေကြောင်း Liao ၏ ပြောကြားချက်အရ သိရသည်။
ပါလက်စတိုင်းပြည်သူများ၏ ရိုးသားသောမိတ်ဆွေ၊ တာဝန်သိစိတ်ရှိသော အဓိကနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် တရုတ်နိုင်ငံက ပါလက်စတိုင်းအရေး အခြေကျရေးအတွက် တွန်းအားပေးရန်နှင့် အရှေ့အလယ်ပိုင်းဒေသတွင် အမြဲတမ်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိရန် အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် အီဂျစ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သံအမတ်ကြီးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ပါလက်စတိုင်းပြည်သူများ၏ မိတ်ဆွေကောင်းများဖြစ်ကြောင်း ပြောကြားလျက် တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံစလုံးကို ကျေးဇူးတင်ကြောင်း အီဂျစ်နိုင်ငံရှိ ပါလက်စတိုင်းသံရုံးမှ ကိုယ်စားလှယ် Nidaa Barghouti က ပြောခဲ့သည်။
“ပါလက်စတိုင်းပြည်သူတွေအတွက် ပူးတွဲပံ့ပိုးကူညီမှုပေးတဲ့အပေါ် ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ယင်းကာကွယ်ဆေးများသည် ကပ်ရောဂါတိုက်ဖျက်ရန် ကြီးမားအရေးပါကြောင်း လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)