ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ယူကရိန်းအရေးကို တည်ငြိမ်စွာ အဖြေရှာရန် သက်ဆိုင်ရာနိုင်ငံများအားလုံးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

2022-02-23 15:18:35 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအရေးကိစ္စအား ဆွေးနွေးခြင်းနှင့် ညှိနှိုင်းမှုမှတစ်ဆင့် တည်ငြိမ်ရန်၊ တင်းမာမှုများကို လျှော့ချရန်နှင့် မတူကွဲပြားမှုများကို အဖြေရှာရန် သက်ဆိုင်ရာနိုင်ငံများအားလုံးကို ဖေဖော်ဝါရီ ၂၂ ရက်၌ တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) နှင့် ယနေ့အစောပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားရာ၌ ယူကရိန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အသေးစိတ်ရှင်းပြခဲ့သည်ဟု ဆိုသည်။
“တရုတ်နိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံက အခြေအနေဖြစ်ပေါ်မှုတွေကို စိုးရိမ်မိပါတယ်။ ပြီးတော့ ယူကရိန်းအရေးမှာ တရုတ်ရဲ့ ရပ်တည်ချက်ကလည်း မပြောင်းမလဲဘဲရှိပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အား ကိုးကား၍ ပြောကြားခဲ့သည်။ မည်သည့်နိုင်ငံ၏ တရားဝင်လုံခြုံရေး စိုးရိမ်ပူပန်မှုကိုမဆို လေးစားလိုက်နာသွားမည်ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂ ပဋိညာဉ်၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းများကို စောင့်ထိန်းသွားမည်ဖြစ်ကြောင်းလည်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းရှိ လက်တလောအခြေအနေသည် မင့်ခ်သဘောတူညီချက်အသစ်၏ ထိရောက်သောအကောင်အထည်ဖော်ဆောင်ရွက်မှု၌ နှောင့်နှေးမှုနှင့် အနီးကပ်ဆက်နွယ်နေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကိစ္စရပ်၏ အဆိုးအကောင်းအရ ဆက်စပ်သောနိုင်ငံများအားလုံးနှင့် ဆက်သွယ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။