တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့မှု မှန်သမျှကို တရုတ်နိုင်ငံက တစ်စိုက်မတ်မတ် ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ပြောကြား

2022-02-24 17:43:11 |သတင်းအရင်းအမြစ် 新华网

ပိတ်ဆို့အရေးယူခြင်းသည် ပြဿနာရပ်များကို ဖြေရှင်းရာတွင် အခြေခံကျထိရောက်မှုရှိသည့် နည်းလမ်းမဟုတ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မည်သည့် တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့ အရေးယူမှုကိုမဆို တစ်စိုက်မတ်မတ် ကန့်ကွက်ကြောင်း အမေရိကန် စသည့် အနောက်နိုင်ငံများက ရုရှားအား ပိတ်ဆို့မှုအသစ်များ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဖေဖော်ဝါရီ ၂၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလမှာ အမေရိကန် ဆောင်ရွက်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု စုစုပေါင်း ၁၀ ဆ မြင့်တက်ခဲ့တယ်။ အမေရိကန် ယခင်သမ္မတ လက်ထက်မှာ ဆောင်ရွက်ခဲ့တဲ့ ပိတ်ဆို့မှုက ၃,၈၀၀ ကျော်ထိ ရှိတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း အမေရိကန်က ရုရှားကို ပိတ်ဆို့မှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ပြီးဖြစ်တယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ပိတ်ဆို့မှုက ပြဿနာတွေကို ဖြေရှင်းလိုက်နိုင်လို့လား။ ကမ္ဘာကြီးက အမေရိကန်ဘက်က ပိတ်ဆို့မှုကြောင့် ပိုမို ကောင်းမွန်သွားလို့လား။ ယူကရိန်းအရေးက အမေရိကန်၏ရုရှားကို ပိတ်ဆို့မှုကြောင့် အလိုအလျောက်ဖြေရှင်းသွားနိုင်သလား။ ဥရောပလုံခြုံရေးက အမေရိကန်ရဲ့ ရုရှားအပေါ် ပိတ်ဆို့မှုကြောင့် ပိုပြီးအာမခံချက်ရှိစေနိုင်လား။ သက်ဆိုင်ရာ ဘက်ပေါင်းစုံက ဒါနဲ့စပ်လျဉ်းပြီး စဉ်းစားသုံးသပ်စေလိုပါတယ်၊ ဒါမှမဟုတ် တွေ့ဆုံညှိနှိုင်းပြီးပဲ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားမလား ဆိုတာကိုပေါ့ “ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်စသည့် နိုင်ငံအချို့၏ တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့မှုက သက်ဆိုင်ရာနိုင်ငံများ၏ စီးပွားရေးနှင့်ပြည်သူ့ဘဝစားဝတ်နေရေးကို ဆိုးဆိုးဝါးဝါးကျပ်တည်းမှုတွေ ဖြစ်စေခဲ့ပြီးဖြစ်သည်ဟု ဟွာချွမ်းရင်က ထောက်ပြ ပြောကြားခဲ့သည်။ အမေရိကန်ဘက်က ယူကရိန်းအရေးနှင့်စပ်လျဥ်း၍ ရုရှားဆက်ဆံရေးကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံနှင့်အခြားတစ်ဖက်၏ တရားဝင် အခွင့်အရေးနှင့်အကျိုးစီးပွားကို ထိခိုက်၍မရကြောင်း ဆိုသည်။ (Xinhua)