ဘိုင်ဒန်က ရုရှားအပေါ် တစ်ဆင့်တိုး စီးပွားရေးပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ကြေညာ

2022-02-25 18:00:21 |သတင်းအရင်းအမြစ် 新华网

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီ ၂၄ ရက်တွင် အိမ်ဖြူတော်၌ ယူကရိန်းအရေးနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ရုရှားနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုအသစ်တစ်ရပ် လုပ်ဆောင်ရန်နှင့် ဥရောပသို့ စစ်အင်အားများ တိုးမြှင့်ချထားရန် ကြေညာခဲ့သည်။

ယခုအကြိမ်ပိတ်ဆို့မှုတွင် ရုရှားနိုင်ငံပိုင်ဘဏ်၊ ရုရှားငွေစုဘဏ်နှင့် အခြားအကြီးစားဘဏ္ဍာရေး အဖွဲ့အစည်း ၄ ခု၊ ရုရှားအစိုးရနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ ဆွေမျိုးတို့ပါဝင်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။ ဘိုင်ဒန်က ရုရှားအပေါ် တစ်ဆင့်တိုး စီးပွားရေးပိတ်ဆို့အရေးယူမှုစီမံချက်အရ အထက်ဖော်ပြထားသည့် ရုရှားဘဏ္ဍာရေး အဖွဲ့အစည်း ၄ ခု၏ အမေရိကန်ရှိ ၎င်းတို့၏ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်မည်ဖြစ်ပြီး၊ ရုရှားနိုင်ငံတွင် ဒေါ်လာ၊ ယူရို၊ ပေါင်ငွေ၊ ဂျပန်ယန်းငွေ အား ရောင်းဝယ်ရေးအရအသုံးပြုမှုကို ကန့်သတ်မည့်အပြင် ရုရှားစစ်အင်အားတိုးမြှင့်မှုအတွက် ရန်ပုံငွေအရင်းအမြစ်များကို ပိတ်ဆို့ခြင်းနှင့် အဆင့်မြင့်နည်းပညာ နယ်ပယ်များတွင် ရုရှားအပေါ် ပို့ကုန်ထိန်းချုပ်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ရေးစီမံမှုများတွင် အမေရိကန်စစ်တပ်အနေဖြင့် ယူကရိန်းသို့ဝင်ရောက်ကာ ရုရှားစစ်တပ်နှင့် တိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း သို့သော် နေတိုးအဖွဲ့က တုန့်ပြန်ရေးတပ်ဖွဲ့များ စေလွှတ်ရန်ဆုံးဖြတ်ထားပြီဖြစ်‌ကြောင်းနှင့် ဖေဖော်ဝါရီ ၂၅ ရက်တွင် အဖွဲ့ဝင်နိုင်ငံအားလုံးတက်‌ရောက်သည့် ထိပ်သီးအစည်းအဝေး ကျင်းပမည်ဖြစ်သည်။ အမေရိကန်က ဂျာမနီသို့ စစ်တပ်များ ထပ်တိုးစစ်လွှတ်မည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက တပ်ဖွဲ့ဝင်စေလွှတ်မှုများ ဆက်တိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က အလေးထားပြောကြားခဲ့သည်။

အမေရိကန်က လက်ရှိဥရောပတွင် တပ်စွဲထားသည့် ကြည်းတပ်နှင့်လေတပ် အင်အားအချို့ကို အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားသို့ လွှဲပြောင်းစေလွှတ်ခဲ့ကြောင်း ဘိုင်ဒန်ကပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က အမေရိကန် တပ်ဖွဲ့ဝင် ၇၀၀၀ ကို ဂျာမနီသို့ စေလွှတ်ရန် အမိန့်ပေးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိပြောကြားချက်ကို ကိုးကား၍ မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ (Xinhua)