ကုလသမဂ္ဂအကြီးအကဲက ယူကရိန်းနိုင်ငံသမ္မတနှင့် ဖုန်းပြောဆိုမှုအတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုပေးအပ်သွားမည်ဟု ကတိပြု

2022-02-28 11:37:58 |သတင်းအရင်းအမြစ် 新华网

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky နှင့် ဖုန်းပြောဆိုမှုတစ်ခုအတွင်း ယူကရိန်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီ များ ပိုမိုပေးအပ်သွားရန် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။“ယူကရိန်းပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ တိုးမြှင့်ပေးဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အထွေထွေအတွင်းရေးမှူးချုပ်က ယူကရိန်းနိုင်ငံသမ္မတကို ပြောကြားခဲ့ပါတယ်။”ဟု အထွေထွေအတွင်းရေးမှူးချုပ်၏ ယူကရိန်းနိုင်ငံသမ္မတနှင့် ဖုန်းပြောဆိုမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ၌ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်မှုများအား ရန်ပုံငွေပေးအပ်ရန် မေတ္တာရပ်ခံချက်တစ်ရပ်အား ကုလသမဂ္ဂက စတင်ဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် က ယူကရိန်းနိုင်ငံသမ္မတအား အသိပေးခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ၌ ပို၍ပြင်းထန်လာသည့်အခြေအနေများကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် စီစဉ်ထားသည့်အတိုင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ သွားရောက်မည့် ခရီးစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သတင်းထောက်များအား အီးမေးလ်ဖြင့် ဖြေကြားခဲ့သည်။ ယင်းအစား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ ရုပ်သံအမှာစကားပေးပို့သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားခဲ့သည်။ (Xinhua)