အမေရိကန်ပြည်ထောင်စုသည် ဥရောပနိုင်ငံများ နှင့် ကနေဒါတို့နှင့်အတူ ပူးပေါင်း၍ နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုအများဆုံးအသုံးပြုသည့် SWIFT ငွေပေးချေမှုစနစ်မှ ရုရှားဘဏ်အချို့ကို ထုတ်ပယ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ယင်းမှာ ယူကရိန်းနိုင်ငံ၌ ရုရှားက စစ်ရေးတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ကို ဆန့်ကျင်သည့်အနေဖြင့် အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအား အရှိန်မြှင့်တင်ရန်အတွက် အဓိက လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း သိရသည်။
လာမည့်ရက်အနည်းငယ်အတွင်း SWIFT ငွေပေးချေမှုစနစ်မှ “ ရုရှားဘဏ်အချို့ကို” ထုတ်ပယ်ရေးအတွက် ဥရောပကော်မရှင် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ ဗြိတိန် နှင့် ကနေဒါနိုင်ငံတို့နှင့်အတူ အမေရိကန်နိုင်ငံက ထောက်ခံအားပေးသွားမည်ဟု ပူးတွဲကြေညာချက်တစ်ရပ်တွင် အိမ်ဖြူတော်က ပြောကြားခဲ့သည်။ထိုသို့ ထုတ်ပယ်လိုက်ခြင်းဖြစ် “ ရုရှားနိုင်ငံဟာ နိုင်ငံတကာငွေကြေးစနစ် နဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ဖယ်ခွာပြီး တစ်ကိုယ်တည်း အထီးကျန်ဖြစ်သွားတော့မှာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝှမ်း ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းပေါင်း ထောင်ပေါင်းများစွာနှင့် ချိတ်ဆက်ထားသော အဆင့်မြင့် လုံခြုံရေးကွန်ရက်တစ်ခုဖြစ်သည့် SWIFT ငွေပေးချေစနစ်မှ အဆိုပါ ရုရှားဘဏ်များသည် ထုတ်ပယ်ခံရတော့မည်ဖြစ်ပြီး “ အဲဒီဘဏ်တွေဟာ နိုင်ငံတကာငွေကြေးစနစ်နဲ့အဆက်အသွယ်ပြတ်တောက်သွားမှာဖြစ်သလို ကမ္ဘာလုံးဆိုင်ရာသူတို့ရဲ့လည်ပတ်မှုစွမ်းရည်ကိုလည်း ထိခိုက်စေမှာ အသေအချာပါပဲ” ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို အားယုတ်စေနိုင်သော သက်ရောက်မှုရှိသည့် “သူ့ရဲ့ နိုင်ငံတကာအရန်ငွေကြေးထားရှိမှုကနေ ရုရှားဗဟိုဘဏ်ကို တားဆီးသွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။
“ ရုရှားအစိုးရနဲ့ ဆက်နွယ်မှုရှိတဲ့ ရုရှားအထက်တန်းလွှာ လူ့မလိုင်တွေအတွက်” အစောပိုင်းက ဖော်ပြခဲ့သော နိုင်ငံများတွင် နိုင်ငံသားဖြစ်ခွင့်အား တားဆီးရန်အလို့ငှာ “ ရွှေနိုင်ငံကူးလက်မှတ်များ” ဟုခေါ်ဆိုသည့် အထူးနိုင်ငံကူးလက်မှတ်များကိုလည်း ကန့်သတ်မှုလုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းရုရှားအထက်တန်းလွှာလူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် “ ကျွန်တော်တို့ရဲ့ ငွေကြေးစနစ်ထဲကို ဝင်ရောက်ခွင့်” ရရှိတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါနိုင်ငံများမှ ခေါင်းဆောင်များသည် ရုရှားအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့တစ်ခုကို လာမည့်ရက်သတ္တပတ်အတွင်း ဖွဲ့စည်းသွားရန်လည်း ကတိပြုခဲ့ကြသည်။
ထို့ပြင်ပူးတွဲကြေညာချက်တွင် အခြားသောနိုင်ငံအစိုးရများအနေဖြင့် ရုရှားလူ့မလိုင်များ၏ ငွေကြေးစီးဆင်းမှုများကို “ ဖော်ထုတ်ခြင်း နှင့် ဟန့်တားခြင်း” လုပ်ဆောင်သွားရန် နှင့် ကမ္ဘာတစ်ဝှမ်းတွင် ဥပဒေကြောင်းအရ အဆိုပါရုရှားလူကုံထံများ၏ ပိုင်ဆိုင်မှုများကို သိုဝှက်သိမ်းဆည်းခြင်းမပြုနိုင်အောင် ငြင်းပယ်မှု ပြုလုပ်ကြရန် တိုက်တွန်းတောင်းဆိုကြောင်း ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။(Xinhua)