ရုရှား-ယူကရိန်း ပဋိပက္ခ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်မားလာခဲ့ရာ နှစ်ပေါင်းများစွာ၏ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ သုံးသပ်လေ့လာသူအချို့က ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေမည် သို့တည်းမဟုတ် ပို၍ဆိုးဝါးလာမည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့ရေးအန္တရာယ် ဖြစ်လာနိုင်သည်ဟု ယူဆကြသည်။
CBOT (Chicago Board of Trade)၏ ဂျုံဈေးနှုန်းသည် ယခုနှစ်တွင် ဈေးအတက်တွင် ၇၀ ရာခိုင်နှုန်းအထိ ကျော်ခဲ့ဖူးရာ ၂၀၀၈ ခုနှစ် မတ်လနောက်ပိုင်း၏ အမြင့်ဆုံးအဖြစ် စံချိန်ချိုးခဲ့သည်။ ပြောင်းနှင့်ပဲ၏ဈေးနှုန်းသည် ယခုနှစ်တွင် ၃၀ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းခန့် အသီးသီးမြင့်တက်လာခဲ့ရာ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း အသီးသီး ဖြစ်ခဲ့ကြသည်။
ရုရှားသည် ကမ္ဘာတွင် ဂျုံအဓိကထုတ်လုပ် တင်ပို့သည်နိုင်ငံဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများတွင် ယူကရိန်းနှင့်ရုရှားကို ပေါင်းစည်းတွက်ချက်မည်ဆိုပါက ကမ္ဘာတစ်ဝန်း ဂျုံထုတ်လုပ်တင်ပို့မှု၏ ၃၀ ရာခိုင်နှုန်း နီးပါးရှိရာ ကမ္ဘာ၏ အဓိက ရိက္ခာ“စပါးကျီ”ဖြစ်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဖြစ်ပွားသည့် ကုန်စည်ပံ့ပိုးမှုကွင်းဆက်ပြတ်တောက်ခြင်းက ဈေးကွက်ပံ့ပိုးမှုအကျပ်အတည်း ဖြစ်စေကာ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ကုန်ဈေးနှုန် များစွာ လှုပ်ခတ်ပြောင်းလဲစေနိုင်မည် ဖြစ်သည်။
ယူကရိန်း ရေကြောင်းစီမံခန့်ခွဲမှုဌာန၏ သတင်းများအရ ယူကရိန်းတွင် ပဋိပက္ခစတင်ဖြစ်ပွားပြီးနောက် ပြည်တွင်း ဆိပ်ကမ်းများကို ပိတ်ထားရကြောင်း သိရသည်။ ထို့အပြင် နွေဦး စိုက်ပျိုးရာသီအချိန် ရောက်ရှိလာတော့မည် ဖြစ်ရာ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားခြင်းက ယူကရိန်း ပြောင်းစိုက်ပျိုးနိုင်မှုပမာဏကို များစွာ လျော့နည်းစေနိုင်မည်ဖြစ်ပြီး သီးနှံမြေဩဇာထည့်ရန် ပြတ်လပ်ခြင်းကလည်း ရိတ်သိမ်းကာလ မျှော်မှန်းချက်ကို သက်ရောက်မှုရှိစေမည် ဖြစ်သည်။
ပြည်တွင်းပံ့ပိုးမှုကို အာမခံနိုင်ရန်အတွက် ယူကရိန်းအစိုးရက မတ် ၉ ရက်တွင် ဂျုံ၊ အုတ်ဂျုံစသည့် အဓိကစားနပ်ရိက္ခာလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ပြောင်း၊ ပန်းဂျုံစသည့် တင်ပို့မှုကို ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။ ယင်းဆောင်ရွက်ချက်က ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့ရေးကို လျော့နည်းသွားပြီး အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံများ၏ စားသောက်ကုန် တင်သွင်းမှုကို ဆိုးဝါးစွာ ရိုက်ခတ်လာမည်ကို ပြင်ပနယ်ပယ်က စိုးရိမ်လျက်ရှိသည်။
ရုရှားအတွက်ဆိုရလျှင် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် ဝယ်ယူသူအများစုက ရုရှားကုန်ပစ္စည်မဝယ်ယူရဲခြင်း၊ ဘဏ်များက ရုရှားကုန်စည်ကူးသန်းရေးအတွက် ဘဏ္ဍာရေးပံ့ပိုးပေးမှုများ မပြုလုပ်လိုကြခြင်းကြောင့် ရုရှားလယ်ယာထုတ်ကုန်ပစ္စည်း ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ရန်မှာ ပို၍ ကျပ်တည်း ခက်ခဲလာမည် ဖြစ်သည်။
အမေရိကန်၊ ဥရောပနိုင်ငံများက ရုရှားအဓိကထုတ်ကုန်ပစ္စည်းများ ကုန်သွယ်မှု အထူးအခွင့်အရေးခံစားခွင့်ကို ဖျက်သိမ်းခဲ့ရာ ရုရှား ကုန်ပစ္စည်းတင်ပို့ရာတွင် ရင်ဆိုင်ရမည့် အခွန်အခက လက်ရှိ ၃ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းရကြောင်း အမေရိကန် ရှီကာဂိုရှိ စိုက်ပျိုးရေးကဏ္ဍ အရင်းအမြစ်ကုမ္ပဏီတစ်ခုက ဆိုသည်။
ရုရှား စိုက်ပျိုးရေးအတိုင်ပင်ခံ ကုမ္ပဏီ SovEconက ထောက်ပို့ရေးကွင်းဆက် ပြတ်တောက်သည့်အခြေအနေ စသည့်အကြောင်းအရင်းများကို ထည့်သွင်းစဉ်းစားပြီး ရုရှားက ယခုနှစ် ဂျုံတင်ပို့မှုခန့်မှန်းချက်ကို သန်း ၃၀ ဘုရှဲလ်(bushels) နီးပါး လျှော့ချကာ ၁.၂၃၁ ဘီလီယံ ဘုရှ်လ်(bushels)အထိထားရှိမည် ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခက ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်နေပြီ ဖြစ်ကြောင်း၊ အဓိက စားသုံးသူနိုင်ငံများက ထောက်ပို့ရေးအာမခံမှုရှိစေရန်အတွက် ဝယ်လိုအား ဖြည့်တင်းနေကြရာ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရှိ အဓိက သွင်းကုန်နိုင်ငံများက ကုန်စည်ရင်းမြစ်သစ်များ ရှာဖွေနေပြီး နိုင်ငံအများအပြားက လယ်ယာထုတ်ကုန်တင်ပို့မှုကို ရပ်တန့်ထားကြပြီဖြစ်သည်။
လက်ဘနွန်၊ အီဂျစ် စသည့် နိုင်ငံများက ယူကရိန်း ဂျုံတင်သွင်းမှုကို အလွန်အားထားကြရာ လက်ဘနွန်သို့ တင်သွင်းသည့် ဂျုံတစ်ဝက်ကျော်သည် ယူကရိန်းမှဖြစ်သည်။ လက်ဘနွန်အစိုးရက မတ် ၁၁ ရက်တွင် ဒေသထွက် စားသောက်ကုန် တင်ပို့မှုကို ပိတ်ပင်သည့် တားမြစ်မိန့် ထုတ်ပြန်ခဲ့သည်။ အီဂျစ်ကလည်း ပြီးခဲ့သည့်အပတ်က ဂျုံ၊ ဂျုံမှုန့် တင်ပို့ခြင်းကို တားမြစ်ခဲ့သည်။
ထို့အပြင် အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှုကို တင်းကျပ်ခဲ့သည်။ ပင်လယ်နက်ဒေသ၌ အိမ်နီးချင်းနိုင်ငံများတွင် တင်ပို့မှုတားမြစ်မိန့်စတင်ပါက ပြည်တွင်းထောက်ပို့ရေးရိုက်ခတ်မှုကြီး ရင်ဆိုင်ရမည်ကို ကာကွယ်ရန်အတွက် ဘူလ်ဂေးရီးယားက ဒေသထွက်စားနပ်ရိက္ခာများကို အလုအယက်ဝယ်ယူလျက်ရှိသည်။
အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ စသည့်နိုင်ငံများတွင် ဂျုံ၊ ပြောင်းနှင့်ပဲ စိုက်ပျိုးမြေဧရိယာကို တိုးချဲ့လာမည်ဟု ခန့်မှန်းရသော်လည်း ပင်လယ်နက်ဒေသ ထောက်ပို့ရေးလိုအပ်ချက်ကြီးကို ဖြည့်တင်းပေးနိုင်မည် မဟုတ်သေးကြောင်း ဈေးကွက်သုံးသပ်လေ့လာသူများက ဆိုသည်။ ရေရှည်အတွက် ဆိုရလျှင် ကမ္ဘာလုံးဆိုင်ရာ လယ်ယာထွက်ကုန် ထောက်ပို့ရေးသည် တစ်ဆင့်တိုး ကျပ်တည်းလာပြီး ဈေးနှုန်းဆက်လက်မြင့်တက်နိုင်ဖွယ် ရှိကြောင်း ဆိုသည်။ (Xinhua)