တရုတ်-မြန်မာ ဖက်စပ်ထုတ်လုပ်သည့် ဒုတိယမျိုးဆက် စွမ်းအင်သစ် လျှပ်စစ်ကားသစ် ဈေးကွက်သို့ ရောက်ရှိ

2022-03-15 11:54:49 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် တရုတ်နှင့်မြန်မာ ဖက်စပ် ကုမ္ပဏီလုပ်ငန်းဖြစ်သည့် Khaing Khaing Sangda Motorcar သည် ဒုတိယမျိုးဆက် စွမ်းအင်သစ်လျှပ်စစ်ကားကို မိတ်ဆက်ခဲ့ပြီး စျေးကွက်တင် ရောင်းချလျက်ရှိသည်။ ၎င်းလျှပ်စစ်ကား စျေးကွက်သို့ရောက်ရှိပြီးနောက် မြန်မာပြည်သူများ၏ အာရုံစူးစိုက်မှု ခံရပြီး တစ်ပတ်အတွင်း ကားသစ် ၁၀ စီးကျော် ရောင်းချခဲ့ရကြောင်း သတင်းအရ သိရပါသည်။

ယခု စျေးကွက်သို့ ရောက်ရှိလာသော ဒုတိယမျိုးဆက် စွမ်းအင်သစ် လျှပ်စစ်ကားသည် အိမ်သုံးသာမန် လျှပ်စစ်ဓာတ်အား ၂၂၀ ဗို့ဖြင့် အားဖြည့်နိုင်ပြီး ဘက်ထရီဗို့အားမလုံလောက်ပါက ဓာတ်ဆီဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသို့ အလိုအလျောက် ပြောင်းပေးမည်ဖြစ်သည်။ အဆိုပါလျှပ်စစ်ကား အသစ်တစ်စီးလျှင် တရုတ်ငွေ ယွမ် ၃ သောင်း (မြန်မာငွေ ၈.၄ သန်းကျပ်ခန့်)ဖြင့်ရောင်းချကြောင်း သိရပါသည်။ “လက်ရှိ ဒီလထဲမှာ မြန်မာပြည်တွင်း လျှပ်စစ်ဓာတ်အား ချို့တဲ့တဲ့အခြေအနေ ပိုဆိုးလာလို့ နောက်ဆိုရင် အိမ်တိုင်းအတွက် လျှပ်စစ်ကားကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးဖို့ စဥ်းစားဖန်တီးပေးနိုင်ခြေရှိပါတယ်”ဟု Khaing Khaing Sangda ၏ သက်ဆိုင်ရာ တာဝန်ခံမှ ပြောသည်။

Khaing Khaing Sangda သည် ၂၀၂၀ ပြည့်နှစ်တွင် ပထမမျိုးဆက် လျှပ်စစ်ကားကို ထုတ်လုပ်ပြီး စျေးကွက်တင်ခဲ့သည်။ အမြန်နှုန်းနှေးခြင်း၊ လေအေးပေးစက်သုံးသောကြောင့် သတ်မှတ်ထားသည့် အကွာအဝေးသို့ရောက်ရန် ခက်ခဲခြင်း၊ မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားဖြည့်သည့်နေရာချို့တဲ့ပြီး လမ်းခရီးတစ်ဝက်တွင် ရပ်သွားနိုင်ခြင်းစသည့်အခြေအနေများနှင့်လည်း မကြာခဏ ကြုံတွေ့ခဲ့သည်။ ယခုအကြိမ် ထုတ်လုပ်ရောင်းချသော ဒုတိယမျိုးဆက် စွမ်းအင်သစ်လျှပ်စစ်ကားသည် တရုတ်နိုင်ငံမှ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအား စက်ရုံသို့ဖိတ်ခေါ်ပြီး အဆက်မပြတ် သုတေသနပြု မောင်းကြည့်ခြင်းဖြင့် မြန်မာစျေးကွက်၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကားအမျိုးအစားကို ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။


(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)