တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းခရိုင် ကျန်ဖုန်နယ်စပ်ဂိတ်တွင် တစ်နေ့လျှင် အကောက်ခွန်ရှင်းလင်းမှု တန်ချိန် ၄၀၀၀ ခန့်ရှိ

2022-03-16 14:38:13 |သတင်းအရင်းအမြစ် 陇川县融媒体中心

တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းမှတစ်ဆင့် တရုတ်-မြန်မာ နယ်စပ်ဒေသ ကုန်သွယ်ရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလျက် ရှိပါသည်။

“လက်ရှိအချိန်မှာ ကျန်ဖုန်နယ်စပ်ဂိတ်ဟာ ‘ကုန်စည်လွှဲပြောင်းခြင်းနှင့် ကားဆရာအစားထိုးခြင်း’ ဆိုတဲ့စနစ်နဲ့ နယ်စပ်ဖြတ်ကျော်ကုန်စည်ပို့ဆောင်ရေး ပြုလုပ်လျက်ရှိနေပါတယ်။ ကုန်စည်၊ ကုန်တင်ကား၊ ကုန်တင်ကုန်ချနေရာများ ပတ်ဝန်းကျင်နမူနာယူတာနဲ့ ပိုးသတ်တာ ပြုလုပ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သတ်တဲ့ လုပ်ကိုင်သူတွေက ကွင်းပိတ်စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်တယ်” ဟု လုံချွမ်းခရိုင် စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး နည်းပညာ ညွှန်ကြားရေးဌာနမှ တာဝန်ရှိသူ ကပြောသည်။ ကျန်ဖုန်နယ်စပ်ဂိတ်တွင် အကောက်ခွန်ရှင်းလင်းရေး ပြန်လည်စတင်သည့် အချိန်မှစ၍ တစ်နေ့လျှင် တန်ချိန် ၂၆၀ မှ လက်ရှိအချိန်တွင် တစ်နေ့လျှင် တန်ချိန် ၄၀၀၀ အထိ တိုးများလာကြောင်း၊ အဓိကအားဖြင့် ကြံ၊ ငှက်ပျောသီး၊ ဆန်နှင့် အခြားသော စိုက်ပျိုးရေးထွက်ကုန်များ တင်သွင်းကာ နေ့စဥ်သုံးပစ္စည်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ တင်ပို့ကြောင်း သူက ဆက်လက် ပြောဆိုခဲ့ပါသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ယူနန်ပြည်နယ် ပြည်နယ်အဆင့် စစ်ဆေးသုံးသပ်ရန် အတည်ပြုပြီးနောက် ကျန်ဖုန်နယ်စပ်ဂိတ်တွင် အကောက်ခွန်ရှင်းလင်းရေး ပြန်လည်စတင်လာသည် နှင့်အမျှ တရုတ်-မြန်မာနှစ်နိုင်ငံမှ လုပ်ငန်းအဖွဲ့များသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခံစားခဲ့ရသော ထိခိုက်မှုများကို အကျိုးရှိစွာ သက်သာစေခဲ့ပါသည်။

( အရင်းအမြစ်၊ လုံချွမ်းခရိုင် မီဒီယာစင်တာ ။ ဘာသာပြန်၊Yunnan gateway)